ပြည်သူကို ရိုက်နှက်ငွေညှစ်နေသော မြစ်ကျိုးနယ်ထိန်း ရဲစခန်းအနီးမှာပင် PDF ပစ်ခတ်၍ သေ

ဓာတ်ပုံ - ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့
ပုံစာ - ပစ်ခတ်ရှင်းလင်းခံရသည့် မြစ်ကျိုးတိုက်နယ် နယ်ထိန်း

ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ မြစ်ကျိုးရဲစခန်းအနီးတွင် နယ်ထိန်းတစ်ဦးကို PDFတို့ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်းသိရသည်။

ယနေ့ (နိုဝင်ဘာ ၁၁ရက်) နံနက် ၇နာရီခန့်တွင် ဝေါမြို့နယ်၊ မြစ်ကျိုးတိုက်နယ်၊ နယ်ထိန်းရဲ ဇင်မင်းသူ(ခေါ်) ကြက်ကုလားကို မြစ်ကျိုးရဲစခန်းနှင့် ကိုက်၁၀၀ခန့်သာ ဝေးသည့် မြစ်ကျိုးဈေး အနီး၌ သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

” ဒီမနက်ကို မြစ်ကျိုးဈေးနားမှာပေါ့။ ဒီနယ်ထိန်းက သူက ဒီအိမ်ကရွာထဲမှာလေ။ သူ့မိန်းမအိမ်က။ အဲ့ကနေထွက်လာပြီးတော့ ဈေးနားမှာ တွေ့တာနဲ့ရှင်းလင်းခဲ့တာ” ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တာဝန်ခံက MPA သို့ပြောသည်။

ယင်းနယ်ထိန်းသည် ပစ်ခတ်ခံရစဉ် ချက်ချင်းမသေဆုံးဘဲ ဆေးရုံသို့ ပို့သည့်အခါမှသာ သေဆုံးသွားကြောင်း ၎င်းထံမှ ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

” လူနာတင်ယာဉ်ကားနဲ့ ဆေးရုံကိုပို့မှ သေသွားတယ်လို့ကြားရတယ်။ သူတို့ရန်ကုန်မင်္ဂလာဒုံဆေးရုံပို့တဲ့အချိန်မှာ သေသွားတယ်။ အဲ့မှာပဲ သင်္ဂြိုဟ်မယ်လို့ကြားတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

နယ်ထိန်းဇင်မင်းသူသည် မြစ်ကျိုးတိုက်နယ်အတွင်း၌ ပြည်သူများကို မထင်လျှင်မထင်သလို ရိုက်နှက် စစ်ဆေးခြင်း၊ ငွေညှစ်ခြင်း၊ဆိုင်ကယ်ဖမ်းခြင်းနှင့် မြစ်ကျိုးရွာ၌လောင်းကစားဝိုင်းဖွင့်ခြင်း၊ တက်ကြွ လှုပ်ရှားသူများနဲ့ PDF တပ်ဖွဲ့များ၏ သတင်းကိုလိုက်လံစုံစမ်းခြင်းများပြုလုပ် နေကြောင်းသိရသည်။

လောင်းကစားရုံကို စစ်တပ်အား လိုင်းကြေးပေးပြီး နယ်ထိန်းဇင်မင်းသူက တာဝန်ခံကာ မြစ်ကျိုးရွာ၌ ဖွင့်လှစ်နေ ခြင်းဖြစ်သည်။