စစ်ကိုင်းတိုင်း၊ ကန့်ဘလူ-ခင်ဦးနယ်အစပ်တွေကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်းသိရသည်။
ယနေ့ (နိုဝင်ဘာ ၁၁ရက်) နံနက်အစောပိုင်းတွင် အင်အား ၁၀၀ဝန်းကျင်ပါစစ်ကြောင်းက ကန့်ဘလူမြို့နယ်၊ ယင်းတိုက်ရွာကို ဝင်ရောက်စီးနင်းပြီး ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီး ခဲ့ကြောင်း သိရသည်။
” စစ်ကြောင်းက ကန့်ဘလူမြို့နယ်ထဲကပဲထွက်တာ။ ဇီးကုန်းတို့ ကားဘိုးတို့မှာလေ သွားလိုက် လာလိုက်လုပ်နေတဲ့ စစ်ကြောင်းပဲ။ ယင်းတိုက်ရွာကို ဒီမနက်စောစောပိုင်းဖြစ်မယ်။ ဘာလို့ဆို မနေ့ညကတည်းက သူတို့ ကင်းထိုးထားတာလို့ကြားတယ်ဗျ။ မနက်စောစောဆို မှောင်မှောင်ပေါ့။ ၄ခွဲ၊ ၅နာရီလောက်ကို ယင်းတိုက်ဘက်ကို ထိုးလာတဲ့ပုံရတယ်ဗျ” ဒေသတွင်းသတင်းရင်းမြစ်က MPA သို့ပြောသည်။
ယင်းတိုက်ရွာမှ ပြည်သူများဖမ်းဆီးခံထားရသော်လည်း အရေအတွက်အတိအကျကို မသိရသေးပေ။
” မနေ့ညကတော့ ယင်းတိုက်ဘက်က ပြည်သူတွေကို ထုတ်တယ်လို့တော့ကြားတယ်။ တော်တော် များများကတော့ ကပ်နေကြတယ်လို့ ပြောတယ်လေ၊ ရွာထဲမှာ။ ပြီးတော့ ဟိုဟာရှိတယ်လေ။ ညပိုင်း ဖားရိုက်ငါးရိုက် ထွက်တဲ့သူတို့။ ကြွက်ထိုးသွားတဲ့သူတို့။ အဲ့လိုလူတွေရော မိတယ်လို့ပြော တယ်” ဟု ၎င်းကပြောသည်။
လက်ရှိတွင် ယင်းစစ်ကြောင်းသည် ယင်းတိုက်ရွာမှတစ်ဆင့် ခင်ဦးမြို့နယ်၊ ရှားတောရွာသို့ ဝင်ရောက်နေကြောင်းသိရသည်။
ယင်းစစ်ကြောင်းကြောင့် ကန့်ဘလူ-ခင်ဦးနယ်အစပ်ရှိ ကျေးရွာ ၁၀ရွာမှ ဒေသခံပြည်သူ ၅၀၀၀နှင့်အထက်ထွက်ပြေးတိမ်းရှောင်နေရသည်။
