ကနီမြို့နယ်ရှိ NUG ဆေးရုံကို စစ်ကော်မရှင်ဗုံးကြဲမှုကြောင့် ပြည်သူ ရှစ်ဦးသေဆုံး

ဓာတ်ပုံ-ပေးပို့
ပုံစာ- စစ်ကော်မရှင် ဗုံးကြဲခဲ့သည့် ဝင်မနားကျေးရွာ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်၊ ဝင်မနားကျေးရွာရှိ NUG ဆေးရုံကို စစ်ကော်မရှင်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် ပြည်သူ ရှစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။

ယနေ့( နိုဝင်ဘာ ၁၁ ရက်)၊ နံနက် ၉ နာရီတွင် မုံရွာအခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မှ တက်လာသည့် စက်တပ်လေထီး(Paramotor)ဖြင့် စစ်ကော်မရှင်က NUG လက်အောက်ခံ ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ဒီမနက် ၉ နာရီက ဗုံးကြဲသွားတာ။ လူနာ ခုနှစ်ယောက်သေတယ်။ တစ်ယောက်ကတော့ ဆရာမတဲ့။ ဒဏ်ရာရတာတွေလည်း ရှိတယ်၊ အသေအချာတော့ မသိရဘူး” ဟု အမည်မဖော်လိုသည့် အသက် ၃၀ အရွယ် ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

လက်ရှိ မြေပြင်၌ စစ်ကော်မရှင်က စစ်ကြောင်းထိုးခြင်းနှင့် မြေပြင်တိုက်ပွဲများမရှိဘဲ ကျေးရွာ ဆေးရုံကိုသာ သီးသန့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

ဗုံးကြဲခံရသည့် အဆိုပါဆေးရုံမှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် ဆေးရုံ၏ နောက်ဆက်တွဲအခြေအနေများကို အသေးစိတ်သိရှိနိုင်ရန် MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိနေသည်။

“ရွာပေါ်ကတော့ အမြဲလေယာဥ်ဝဲတယ်။ ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေ လာတယ်။ ရွာထဲကတော့ လူအများကြီးမရှိဘူး၊ တောတိုက်(လယ်စောင့်တဲ) တွေမှာပဲ နေတာ များတယ်” ဟု ကနီမြို့နယ်အတွင်း နေထိုင်သူတစ်ဦးက ဆိုသည်။

တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ ကနီမြို့နယ်တွင် စစ်ကော်မရှင်တပ်က မြို့ပေါ်ရပ်ကွက်များကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို ဒေသခံတော်လှန်ရေးတပ်ဖွဲ့များက စိုးမိုးထားသည်။

စစ်ကော်မရှင်တပ်က ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကြောင်းတလျှောက်ရှိ မြစ်ဆိပ်များရှိရာ ကျေးရွာများကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။