စားဝတ်နေရေးအကျပ်အတည်းကို ထမင်းတစ်နပ်လျှော့စားခြင်းဖြင့် ဖြေရှင်းနေသူများရှိဟုဆို

ဓာတ်ပုံ - လူမှုကွန်ရက်

စားဝတ်နေရေးအကျပ်အတည်းကို ထမင်းတစ်နပ်လျှော့စားခြင်းနည်းဖြင့် ဖြေရှင်းနေကြသူများ ရှိကြောင်း ISP-Myanmar ၏ စစ်တမ်းတစ်ရပ်က ဖော်ပြသည်။

စစ်ရေးပဋိပက္ခကိုအခြေခံသော ကုန်သွယ်လမ်းကြောင်းပိတ်ဆို့မှုများနှင့် ပြည်သူများအပေါ် သက် ရောက်မှုကို လေ့လာနိုင်ရန် စစ်တမ်းတခုကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ နောက်ဆုံးပတ်အတွင်း ISP-Myanmar က ကောက်ယူခဲ့ရာ စစ်တမ်းဖြေဆိုသူ ၁၀၁၅ဦးအနက် ၁၁၃ဦးက အထက်ပါအတိုင်း ဖြေရှင်းကြပြီး တောင်းရမ်းစားသောက်ခြင်းနည်းဖြင့် စားဝတ်နေရေးအကျပ်အတည်းဖြေရှင်းသူ ၄၆ ဦး ရှိကာစစ်တမ်းဖြေဆိုသူအများစုမှာ စားဝတ်နေရေးအကျပ်အတည်းကို ချွေတာသုံးစွဲခြင်းနည်း၊ဈေး သက် သာသောအရာများ ဝယ်ခြင်းနည်းနှင့် အသားငါးလျှော့စားခြင်းနည်းဖြင့် ဖြေရှင်းကြကြောင်း ယင်း စစ်တမ်းကဆိုသည်။

လှိုင်မြို့နယ်၊ချောင်းဝမှတ်တိုင်အနီးနေ အိမ်ထောင်ရှင်မတစ်ဦးက “ကျမတို့ လင်မယား၂ယောက် တည်း တိုက်ခန်းအပိုင်နဲ့နေတာတောင် ယောကျာ်းအလုပ်က ကိုဗစ်ကြောင့် လစာလျှော့ပြီးကတည်း က ထပ်မတိုးလာတဲ့အပြင် မပြုတ်တာကံကောင်းပဲ။အာဏာမသိမ်းခင်က အဆင်ပြေခဲ့သလောက် အခုတော့ ရက်၂၀ကျော်ရင် ပိုက်ဆံကို ပွတ်သုံးနေရတယ်။ချွေတာရတာကတော့ အစစအရာရာပဲ” ဟု MPAသို့ပြောသည်။

စားဝတ်နေရေးကျပ်တည်းမှု၏ နောက်ဆက်တွဲအဖြစ် ခိုးဆိုးလုယက်လိမ်လည်မှုများ တိုးလာ ကြောင်း ဖြေဆိုသူ ၈၁ရာခိုင်နှုန်းရှိပြီး တရားမဝင်အလုပ်များလုပ်လာရသည်ဟု ဖြေဆိုသူ ၄၄ရာခိုင် နှုန်းရှိကာ ပတ်ဝန်းကျင်တွင် ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်မှုများ တိုးလာကြောင်းဖြေဆိုသူ ၇ရာခိုင် နှုန်း ရှိကြောင်း သိရသည်။

လက်ငင်းဒုက္ခများကို စစ်ကော်မရှင်အုပ်ချုပ်ရေးယန္တရားက ကူညီဖြေရှင်းပေးနိုင်စွမ်းကင်းမဲ့နေ ကြောင်းနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ PDF ၊ LPDF နှင့် NUGအစိုးရ တို့၏ ကူညီ ဖြေရှင်း ပေးနိုင်စွမ်းမှာလည်း အကန့်အသတ်ရှိကြောင်း စစ်တမ်းကဆိုသည်။

လက်ရှိအခြေအနေအရပ်ရပ်အပေါ် မည်သို့ရှုမြင်သနည်းဟု မေးမြန်းခဲ့ရာ စစ်တမ်းဖြေဆိုသူများအနက် ၅၃ရာခိုင်နှုန်းက ဆက်လက်ရုန်းကန်နိုင်ဦးမည်ဟု ဖြေဆိုပြီး ၄၂ရာခိုင် နှုန်းက မျှော်လင့်ချက်မဲ့အခြေအနေဟုဖြေကာ ပိုကောင်းလာလိမ့်မည်ဟုထင်ကြောင်း ဖြေဆိုသူ ၅ ရာ ခိုင်နှုန်းရှိသည်ဟု သိရသည်။

ယင်းစစ်တမ်းကို နေပြည်တော်ကောင်စီနယ်မြေအပါအဝင် မြို့နယ်၈၅မြို့နယ်အတွင်း ကောက်ယူခဲ့ သည်။