AA ၏ ခုခံစစ်နှင့် တန်ပြန်ထိုးစစ်များကြောင့် အလင်းဝင်နှင့် ဖမ်းဆီးခံရသည့် စစ်ကောင်စီတပ်သား ၇၀ ကျော်ရှိ

ဓာတ်ပုံ - AA

ရက္ခိုင်-ပဲခူး၊ ရက္ခိုင်-မကွေးနှင့် ရက္ခိုင်-ဧရာဝတီတိုင်းအစပ် စစ်မျက်နှာပြင်များတွင် စစ်ကောင်စီတပ်၏ ထိုးစစ်များကို အာရက္ခတပ်တော် (AA) က ခုခံစစ်များနှင့်အတူ တန်ပြန်ထိုးစစ်များဖြင့် အကောင်းဆုံး တုံ့ပြန်ဆင်နွှဲလျက်ရှိကြောင်း AA က နိုဝင်ဘာ ၁၁ရက် ညနက်ပိုင်းထုတ်ပြန်ချက် အရသိရသည်။

နေ့စဉ်ရက်ဆက် ပြင်းထန်နေသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကျဆင်းကာ ထွက်ပြေးမှု၊ လက်နက်ချ အလင်းဝင်ရောက်မှုနှင့် လက်ရဖမ်းဆီးခံရမှုများ အများအပြား ဖြစ်ပေါ်ခဲ့သည်။

အာရက္ခတပ်တော်၏ ထိုးစစ်များကြောင့် စစ်ရေးအရ ယှဉ်နိုင်စွမ်းမရှိသည့်အပြင် စစ်ကောင်စီ၏ မတရားသဖြင့် အတင်းအဓမ္မ စစ်မှုထမ်းရန် စုဆောင်းခြင်းခံရသော တပ်ဖွဲ့ဝင်သစ်များ မှာ တိုက်ခိုက်လိုစိတ်မရှိဘဲ အခွင့်အရေးရလျှင်ရသလို နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားရာနေရာများမှ ထွက်ပြေးလျက်ရှိကြသည်။

ထို့အပြင် အချို့သော တပ်ဖွဲ့ဝင်များမှာ AA ထံ အလံဖြူထောင်ကာ လက်နက်ချ အလင်းဝင်ရောက်ခဲ့ကြပြီး၊ အချို့ကိုမူ တိုက်ပွဲများအတွင်း (လက်နက်ဖြင့်/လက်နက်မဲ့) လက်ရဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။

“ဒီသတင်းအချက်အလက်တွေအရ စစ်ကောင်စီတပ်တွင်းမှာ အဓမ္မ စစ်မှုထမ်းခိုင်းထားတဲ့ တပ်သားသစ်တွေဟာ စစ်ရေးစိတ်ဓာတ် လုံးဝမရှိတော့ဘူး ဆိုတာ ရှင်းပါတယ်။ သူတို့ဟာ ကိုယ့်ဆန္ဒအလျောက် တိုက်ပွဲဝင်လိုစိတ်မရှိဘဲ၊ အသက်ရှင်ဖို့အတွက်သာ စစ်မြေပြင်မှာ ရှိနေသူတွေပါ”ဟု စစ်ရေးလေ့လာသူ တစ်ဦးက သုံးသပ်သည်။

စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၁) နှင့် ခမရ (၃၆၃) တပ်ရင်းများမှ စုစုပေါင်း (၁၆) ဦး သည် (အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ) များအဖြစ် ရှိခဲ့သည်။ ထို့အပြင် နိုဝင်ဘာလ (၉) ရက်နေ့တွင် ခမရ (၃၆၃) မှ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄) ဦး ကိုလည်း လက်ရဖမ်းဆီးရမိခဲ့သည်။

ထို့ပြင် ပဲခူးတိုင်း၊ ပန်းတောင်း တိုက်ပွဲများ: ပန်းတောင်းမြို့နယ်၊ လေလာတောင် ပတ်ဝန်းကျင် တိုက်ပွဲများမှ စကခ (၁၀) လက်အောက်ခံ ခမရ (၃၆၈) တပ်ရင်းတစ်ခုတည်းမှ နိုဝင်ဘာ ၈ရက်နှင့် ၉ ရက်နေ့များတွင် စုစုပေါင်း (၁၀) ဦး (အလံဖြူထောင်၊ တပ်ပြေး၊ လက်ရဖမ်းဆီးရမိသူ) ရှိခဲ့သည်။

ယင်းအပြင် နိုဝင်ဘာလ (၈) ရက်နေ့၊ နံနက် (၇) နာရီ (၃၅) မိနစ်တွင် စကခ (၁၇)/မိုင်းပန်၏ ကွပ်ကဲမှုအောက်ရှိ နတ်ရေကန်ဗျူဟာကုန်းမှ ဒု-တပ်ကြပ် မျိုးမင်းထွန်း သည် အာရက္ခတပ်တော်ထံ အလင်းဝင်ရောက်လာခဲ့သည်။

ဆက်လက်ပြီး အောက်တိုဘာလ (၃) ရက်မှ နိုဝင်ဘာလ (၇) ရက်နေ့အတွင်း ဧရာဝတီတိုင်း၊ သာပေါင်းနှင့် လေးမျက်နှာမြို့နယ်များအနီး ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း ထွက်ပြေးလာပြီး ဖမ်းဆီးခံရသူ (၂၀) ကျော် နှင့် လက်နက်ချ အလင်းဝင်ရောက်သူ (၂၀) ကျော် အထိ ရှိခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

အဆိုပါ အလင်းဝင်ရောက်သူများနှင့် ဖမ်းဆီးရမိသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးနီးပါးသည် ၂၀၂၅ ခုနှစ်အတွင်း စစ်ကောင်စီ၏ အတင်းအဓမ္မ စစ်မှုထမ်း ပေါ်တာဆွဲခြင်းခံရသော စစ်သင်တန်းဆင်းများ ဖြစ်ကြသည်။ အချို့မှာ အသက် (၁၈) နှစ် မပြည့်သေးသူများ၊ အထက်တန်း တက်နေကြသော ကျောင်းသားများ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

“အသက်မပြည့်သေးတဲ့ ကျောင်းသားတွေ၊ အတင်းအဓမ္မ စုဆောင်းခံရသူတွေဟာ ကျွမ်းကျင်မှုနဲ့ ရည်ရွယ်ချက်ရှိတဲ့ တပ်သားတွေမဟုတ်ပါဘူး။ ဒါကြောင့် AA လို စစ်ရေးအတွေ့အကြုံရှိတဲ့ အဖွဲ့အစည်းနဲ့ ရင်ဆိုင်ရတဲ့အခါ ချက်ချင်း လက်နက်ချခြင်း (သို့မဟုတ်) ထွက်ပြေးခြင်း ကိုသာ ရွေးချယ်တာဟာ ရှောင်လွှဲလို့မရတဲ့ စစ်ရေးအဖြေတစ်ခုပါ” ဟု AA နှင့် ပူးပေါင်းပြီး စစ်ကော်မရှင်ကို တွန်းလှန်နေသည့် ရဲဘော်တစ်ဦးက ပြောသည်။

လက်နက်ချ အလင်းဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို စစ်သုံ့ပန်း ဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့် ရှောက်ပေးထား ကြောင်း AA က ထုတ်ပြန်ထားသည်။ ထို့ပြင် စစ်ကောင်စီ၏ မတရား အတင်းအဓမ္မ စစ်မှုထမ်း စုဆောင်းခြင်းခံရသော တပ်ဖွဲ့ဝင်သစ်များအနေဖြင့် မည်သည့်စစ်မျက်နှာပြင်တွင်မဆို AA တပ်ဖွဲ့ဝင်များထံ အလံဖြူထောင်၍သော်လည်းကောင်း၊ နီးစပ်ရာမှတစ်ဆင့် ဆက်သွယ်၍သော်လည်းကောင်း အလင်းဝင်ရောက်နိုင်ပါကြောင်း အသိပေး နှိုးဆော်ထားသည်။