ပါကစ္စတန်နိုင်ငံ၏ မြို့တော် အစ္စလာမာဘတ်တွင် နိုဝင်ဘာ ၁၁ ရက်က ဖြစ်ပွားခဲ့သော အသေခံဗုံးခွဲ တိုက်ခိုက်မှုကြောင့် သေဆုံးသူ ၁၂ ဦး အထိ ရှိလာပြီး စစ်သွေးကြွ အကြမ်းဖက်မှု သိသိသာသာ မြင့်တက်လာခြင်းကြောင့် နိုင်ငံသည် စစ်ဖြစ်နိုင်သည့် အခြေအနေသို့ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ပါကစ္စတန်ကာကွယ်ရေးဝန်ကြီးက ပြောကြားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် အိမ်နီးချင်း အာဖဂန်နစ္စတန် ပူးပေါင်းပါဝင်သည်ဟု ပါကစ္စတန်အစိုးရ ဝန်ကြီးများက စွပ်စွဲခဲ့သော်လည်း အာဖဂန်နစ္စတန်အစိုးရက ငြင်းဆိုထားသည်။
စစ်သွေးကြွများကို အာဖဂန်အာဏာပိုင်များက ထိန်းချုပ်ရန် ပျက်ကွက်ပါက လက်တုံ့ပြန်သွားမည်ဟုလည်း ပါကစ္စတန်က ပြောကြားထားသည်။
ယခုတိုက်ခိုက်မှုသည် ဆယ်စုနှစ်တစ်ခုအတွင်း အစ္စလာမာဘတ်မြို့တော်ရှိ အရပ်သားများကို ပထမဆုံးအကြိမ် တိုက်ခိုက်မှု ဖြစ်ပွားခြင်းဖြစ်သည်။
ပါကစ္စတန် ကာကွယ်ရေးဝန်ကြီး ခါဝါဂျာ မိုဟာမက် အာဆစ်ဖ်က “ကျွန်တော်တို့ဟာ စစ်ဖြစ်မယ့် အခြေအနေမှာ ရှိနေပါတယ်၊ ဒီစစ်ပွဲကို အာဖဂန်ကစလာတာပါ၊ ပါကစ္စတန်က အပြည့်အဝ တုံ့ပြန်နိုင်တဲ့ အင်အားရှိပါတယ်” ဟု ပြောသည်။
ပါကစ္စတန်သည် မေလကလည်း အိန္ဒိယနှင့် လေးရက်ကြာ စစ်ပွဲဖြစ်ပွားခဲ့သည်။
ထို့နောက် ပြီးခဲ့သည့်လက ပါကစ္စတန် စစ်သွေးကြွများ ရှိနေသည်ဟု ဆိုကာ အာဖဂန်နစ္စတန်နိုင်ငံ၏ ကာဘူးလ်မြို့တော် အပါအဝင် နေရာများသို့ လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။
ပါကစ္စတန်နှင့်အာဖဂန် နယ်စပ်တွင် ပဋိပက္ခများ ဖြစ်ပွားခဲ့ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ အောင်မြင်မှုမရသေးပေ။
ပါကစ္စတန် တာလီဘန်ဟု လူသိများသည့် အဓိက ပါကစ္စတန် ဂျီဟတ်အဖွဲ့ဖြစ်သော တေဟ်ရစ်က်-အီ-တာလီဘန် ပါကစ္စတန် (Tehreek-e-Taliban Pakistan) ကမူ ယခု တိုက်ခိုက်မှုများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ငြင်းဆိုခဲ့သည်။
လက်နက်ကိုင် ပဋိပက္ခ ဖြစ်ပွားရာ နေရာနှင့် အဖြစ်အပျက် အချက်အလက်များကို မှတ်တမ်းတင်သည့် အဖွဲ့အစည်းဖြစ်သော Armed Conflict Location and Event Data ၏ အဆိုအရ ပါကစ္စတန် တာလီဘန် စစ်သွေးကြွများသည် မကြာသေးမီနှစ်များအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာ အဓိကထား တိုက်ခိုက်ခဲ့သော်လည်း အစ္စလာမာဘတ်ရှိ အရပ်သားများကို ဆယ်စုနှစ်တစ်ခုကြာ တိုက်ခိုက်ခဲ့ခြင်း မရှိသေးပေ။
ပါကစ္စတန်က Tehreek-e-Taliban Pakistan နှင့် အခြား စစ်သွေးကြွများသည် အိန္ဒိယ၏ ထောက်ခံမှုဖြင့် အာဖဂန်နစ္စတန်တွင် အခြေစိုက်နေသည်ဟု ပြောဆိုသည်။
“အာဖဂန်နစ္စတန်အနေနဲ့ သူတို့ကို ရပ်တန့်အောင် လုပ်ဆောင်ရမယ်ဆိုတာ ကျွန်တော်တို့ လုံးဝ ရှင်းပါတယ်။ မအောင်မြင်ဘူးဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံကို တိုက်ခိုက်နေတဲ့ အကြမ်းဖက်သမားတွေကို ကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းဖို့ကလွဲလို့ တခြား ရွေးချယ်စရာ မရှိပါဘူး” ဟု ပြည်ထဲရေးဝန်ကြီး မိုဟ်စင် နက်ဗီ က တရားရုံး ဗုံးခွဲမှု ဖြစ်ပွားရာ နေရာတွင် ပြောကြားခဲ့သည်။
အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနက “အိန္ဒိယအနေဖြင့် ထင်ရှားစွာ သတိလွတ်နေသော ပါကစ္စတန်ခေါင်းဆောင်ပိုင်းက ပြုလုပ်နေသည့် အခြေအမြစ်မရှိသော၊ အထောက်အထားမဲ့ စွပ်စွဲချက်များကို ပြတ်ပြတ်သားသား ပယ်ချပါတယ်” ဟု ပြောကြားခဲ့သည်။
တာလီဘန်အစိုးရက အဆိုပါ တိုက်ခိုက်မှုများကို “များစွာ ဝမ်းနည်းကြောင်းနှင့် ရှုတ်ချကြောင်း” ထုတ်ပြန်ထားသည်။
အာဖဂန်နစ္စတန်အစိုးရက ၎င်း၏ နယ်မြေကို အခြားနိုင်ငံများအား တိုက်ခိုက်ရန် အသုံးချခြင်းမရှိကြောင်း ငြင်းဆိုသည်။
နိုဝင်ဘာ ၁၀ရက်ကလည်း အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ၈ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့သည်။
