ငြိမ်းချမ်းရေးယူထားသော တိုင်းရင်းသားအဖွဲ့အချို့နှင့် ဝန်ထမ်းများ သစ္စာမရှိဟု မင်းအောင်လှိုင် ညည်းတွား

ဓာတ်ပုံ-MOI
ပုံစာ- စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်

စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့(နိုဝင်ဘာ ၁၆ရက်)က ၎င်း၏ မော်လမြိုင်ခရီးစဥ်အတွင်း ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အချို့နှင့် ဝန်ထမ်းများ သစ္စာမရှိဟု ညည်းတွားပြောဆိုခဲ့သည်။

နယ်စပ်ဒေသများရှိ တရားမဝင် ကုန်သွယ်မှုများနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားခဲ့ရာတွင်၊ နယ်စပ်ကုန်သွယ်ရေး ပျက်စီးမှုနှင့် နိုင်ငံတော်အခွန်အခ ဆုံးရှုံးမှုတို့အတွက် ၎င်း၏ လက်အောက်ခံ ဝန်ထမ်းအချို့နှင့် မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများကို အပြစ်တင် ပြောဆိုခဲ့သည်။

မင်းအောင်လှိုင်၏ ပြောကြားချက်အရ နယ်စပ်ဒေသများတွင် တည်ငြိမ်အေးချမ်းမှု အားနည်းလာသဖြင့် နယ်စပ်ဂိတ်အချို့ကို ပိတ်ထားရကြောင်း၊ အချို့သော ဝန်ထမ်းများနှင့် နိုင်ငံတော်အစိုးရနှင့် ငြိမ်းချမ်းရေးရယူထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသည် နိုင်ငံတော်အပေါ် သစ္စာစောင့်သိမှုမရှိဘဲ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင် ကုန်သွယ်မှုများတွင် ပါဝင်ပတ်သက်နေကြောင်း ၎င်းက ဝန်ခံပြောဆိုခဲ့သည်။

” ဝန်ထမ်းတွေနဲ့ မဟာမိတ်အဖွဲ့အစည်းများ ကိုယ်ကျိုးစီးပွားအတွက် တရားမဝင်ကုန်သွယ်မှု လုပ်နေတယ်လို့ တိုက်ရိုက်ပြောဆိုခြင်းဟာ စစ်ကော်မရှင်ရဲ့ အမိန့်ပေးစနစ်နဲ့ အုပ်ချုပ်ရေးယန္တရားတစ်ခုလုံးမှာ ထိန်းချုပ်နိုင်စွမ်း (Control) နဲ့ စည်းကမ်းလိုက်နာမှု (Discipline) လျော့ရဲလာနေပြီဆိုတာကို ပြသနေပါတယ် “ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက ပြောသည်။

၎င်း၏ အဆိုအရ တရားမဝင်ကုန်သွယ်မှုများ ဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးပြီး ထိခိုက်နစ်နာရလျက်ရှိသလို၊ နယ်စပ်ဒေသများရှိ လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း သက်ဆိုးရှည်စေနိုင်မည် ဖြစ်ကြောင်း စိုးရိမ်မကင်း ပြောကြားခဲ့သည်။

“ငြိမ်းချမ်းရေးယူထားသည့် တိုင်းရင်းသားအဖွဲ့များကို “သစ္စာမရှိသူများ” အဖြစ် သတ်မှတ်ပြောဆိုလာခြင်းကလည်း စစ်ကော်မရှင်နဲ့ သူတို့ရဲ့ မဟာမိတ်အဖွဲ့တွေကြား ယုံကြည်မှုနဲ့ ဆက်ဆံရေး တင်းမာလာနေပြီ ဆိုတဲ့ လက္ခဏာကို ပြသနေပါတယ်” ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

နိုင်ငံရေးလေ့လာသူများကမူ မင်းအောင်လှိုင်၏ ပြောဆိုမှုသည် ၎င်း၏ အုပ်ချုပ်ရေးယန္တရားအတွင်း ပျက်စီးယိုယွင်းမှုနှင့် လာဘ်စားမှုများ ထူပြောနေသည်ကို တရားဝင် ဝန်ခံခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။

ထို့ပြင် ၎င်း၏ တာဝန်ခံမှု ကင်းမဲ့ပုံကို ပြသနေပြီး၊ နယ်စပ်ဒေသတည်ငြိမ်မှု ပျက်စီးရခြင်းအတွက် အပြစ်ကို အောက်ခြေဝန်ထမ်းများ၊ မဟာမိတ်အဖွဲ့များထံ လွှဲချရန် ကြိုးစားခြင်းဖြစ်သည်ဟု ရှုမြင်ကြသည်။

ထို့အတူ နယ်စပ်ဒေသများ၌ အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) ကျူးလွန်နေသူများမရှိစေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိပြီး၊ ၎င်းတို့ အခြေပြုဆောင်ရွက်လျက်ရှိသည့် အခြေခံအဆောက်အဦများကိုပါ ဖယ်ရှားရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ဆက်လက်၍လည်း အမြစ်ပြတ်ချေမှုန်း ရှင်းလင်းသွားမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သေသည်။

“Online Scam ရှင်းလင်းနေတာကလဲ ဟန်ပြပဲလေ၊ တရုတ်ဖိအားပြင်းထန်နေလို့ လုပ်ပြနေတာ၊ တကယ်က အဲ့ဒီကနေ စစ်တပ်ကလဲ အကျိုးစီးပွားတွေရနေတာ” ဟု နိုင်ငံရေးသိပ္ပံလေ့လာသူတစ်ဦးက သုံးသပ်သည်။

နယ်စပ်ဒေသ ကုန်သည်အချို့ကလည်း တရားမဝင် ကုန်သွယ်မှုများတွင် စစ်တပ်၏ အကြီးအကဲများ ကိုယ်တိုင် ပါဝင်ပတ်သက်နေခြင်းကြောင့်သာ ဖြစ်ပေါ်နေခြင်းဖြစ်ပြီး၊ စစ်ခေါင်းဆောင်က ၎င်းတို့၏ ကိုယ်ပိုင်လာဘ်စားမှုများကို ဖုံးကွယ်ရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ပြင်းပြင်းထန်ထန် တန်ပြန်ပြောဆိုခဲ့ကြသည်။