ဂန့်ဂေါပြည်သူ့လွှတ်တော်အမတ်လောင်း ဗိုလ်ပြုတ်သန်းဝင်း သေ၊ ကြံ့ဖွံ့အမတ်လောင်း ပြိုင်စရာမလိုတော့ဘဲ နိုင်

ဓာတ်ပုံ - ယောအလင်းတန်း
ပုံစာ - သေဆုံးသွားသည့် ဗိုလ်ပြုတ် သန်းဝင်း

မကွေးတိုင်း ၊ ဂန့်ဂေါမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် တသီးပုဂ္ဂလဝင်ပြိုင်မည့် စစ်တပ်သတင်းပေး ဗိုလ်ပြုတ် သန်းဝင်း သေဆုံးသွားကြောင်း သိရသည်။

ယနေ့ ( နိုဝင်ဘာ ၁၇ ရက်)တွင် ဂန့်ဂေါမြို့ အမှတ် တစ် (ရေပုတ်)ရပ်ကွက်နေ စစ်ဗိုလ်ပြုတ် သန်းဝင်းသည် ကျန်းမာရေးမကောင်းဖြစ်ကာ သေဆုံး‌သွားခြင်းဖြစ်ပြီး ဂန့်ဂေါ ပြည်သူ့လွှတ်တော်နေ ရာ၌ ၎င်းနှင့် ကြံ့ဖွံ့ပါတီ အမတ်လောင်း ၂ဦးသာ ဝင်ပြိုင်မည်ဖြစ်၍ ကြံ့ဖွံ့အမတ်လောင်း အိဖြူလွင်မှာ ရွေးကောက်ပွဲမလုပ်ခင်ကတည်းက အလိုအလျောက် မပြုင်ဘဲ အနိုင်ရရှိသွားပြီဖြစ် ကြောင်း ဒေသတွင်း နွေဦးတော်လှန်ရေးစာမျက်နှာ ယောအလင်းတန်းက ထုတ်ပြန်ထားသည်။

“ဖွတ်တွေပျော်တဲ့ ၂၀၂၅ရွေးကောက်ပွဲလို့ ပြောရမှာပေါ့။အခုချိန်လောက်ဆို မင်းအောင်လှိုင် က အစိုးရအဖွဲ့အတွက် လူစာရင်း လျာပြီးလောက်ပြီ။ဖွတ်တွေက မပြိုင်ခင်ကတည်း နိုင်ပြီးသားပါ” ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ဂန့်ဂေါမြို့နယ် တိုင်းလွှတ်တော် FPTP တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်မည့်သူ ကြံ့ဖွံ့အမတ်လောင်းဇော်ထွန်း တစ်ဦးတည်းသာရှိပြီး ပြိုင်ဘက်မရှိသောကြောင့် အလိုအလျောက် အနိုင်ရရှိထားပြီးဖြစ်သည်။

ဗိုလ်ပြုတ်သန်းဝင်းသည် မြိုင်မြို့နယ် ၊ ကိုင်းတောမရွာ ဇာတိဖြစ်ပြီး စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထံသို့ တော်လှန်ရေးလုပ်သူများ၏ သတင်းအချက်အလက်များ ပေးပို့နေသူဖြစ်ကြောင်း ယောအလင်းတန်းက ဆိုသည်။

ဂန့်ဂေါမြို့နယ်သည် တရားမဝင်ရွေးကောက်ပွဲ အပိုင်း ၂ တွင် ပါဝင်ပြီး၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်၌ ရွေးကောက်ပွဲ ပြုလုပ်မည်ဖြစ်သည်။