KK Park ကို အယောင်ပြဖြိုခွင်းပြီး အခြားနေရာများတွင် ကျားဖြန့်လုပ်ငန်း ပြန်လည်ပတ်ရန် စစ်တပ် စီစဉ်နေဟု NUG ဆို

စစ်တပ်သည် KK Park ကိုအယောင်ပြဖြိုခွင်းပြီးနောက် ကရင်ပြည်နယ်ရှိ အခြားနေရာ ၂ ခုတွင် ကျားဖြန့်လုပ်ငန်းများ ပြန်လည်ပတ်နိုင်ရန် စီစဉ်နေကြောင်း NUG အစိုးရ၊ ပြည်ထောင်စု‌ဝန်ကြီး ချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၉ ရက်)တွင် ပြုလုပ်သည့် “ပြည်သူလူထုနှင့် နိုင်ငံတကာသို့ သတင်းစကား ပြောကြားခြင်း” အစီအစဉ်(Press Briefing)၌ ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ်တွေဟာ ရာဇ ဝတ်လုပ်ငန်းတွေကို အာဏာသိမ်းစစ်တပ်ရဲ့ အကာအကွယ်နဲ့ ပြန်လည်လုပ်ကိုင်ခဲ့တဲ့အတွက် လက်ရှိအကျပ်အတည်းတွေရဲ့ အဓိကတရားခံဟာ အကြမ်းဖက်စစ်တပ်သာဖြစ်ကြောင်း ပြောကြား လိုပါတယ်။ နိုင်ငံတကာက ဆိုက်ဘာလိမ်လည်မှုတွေကို နှိမ်နင်းဖို့ကြိုးစားလာတာကြောင့် အကြမ်း ဖက်စစ်တပ်ဟာ KK Park လိုငွေကြေးလိမ်လည်မှုစင်တာကို အယောင်ပြဖြိုခွင်း သက်သေခံ ဖျောက် ဖျက်ပြပြီး ကရင်ပြည်နယ်ရဲ့ အခြားသောနေရာနှစ်နေရာကို ပြောင်းရွှေ့ပြီး ငွေကြေးလိမ်လည်မှုစင် တာတွေကို ပြန်လည် လည်ပတ်နိုင်ဖို့ စီစဉ်နေတာကို ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အနေနဲ့ အထူးသတိထား စောင့်ကြည့်လျက်ရှိပါတယ်”ဟု ဦးနေဘုန်းလတ်က ပြောသည်။

မြန်မာ ပြည်တွင်းနှင့် ပြည်ပရှိ လိမ်လည်ဂိုဏ်းခေါင်းဆောင်များကို ထိုင်းနှင့်တရုတ်နိုင်ငံတို့က ဖမ်းဆီး တရားစွဲဆိုရန် လုပ်ဆောင်ချက်များနှင့် အမေရိကန်နိုင်ငံအနေဖြင့်လည်း United States’s Scam Center Strike Force ဖွဲ့စည်းကာ ဆိုက်ဘာလိမ်လည်မှု လုပ်ငန်းများ နှိမ်နင်းနိုင်ရေး ၊ ရာဇ ဝတ်အဖွဲ့အစည်းများအား စီးပွားရေး ပိတ်ဆို့အရေးယူခြင်း ၊ ပိုင်ဆိုင်မှုများကို သိမ်းဆည်းရန်အတွက် ဘဏ္ဍာရေးဌာနမှ ကြေညာခဲ့သည့်လုပ်ဆောင်ချက်များ အပါအဝင် အိမ်နီးချင်း နိုင်ငံများနှင့် ဒေသ တွင်း နိုင်ငံများရှိ နိုင်ငံတကာအဖွဲ့အစည်းများ၏ ကြိုးပမ်းလုပ်ဆောင်မှုများကို ကျေးဇူးတင် အသိအမှတ်ပြုကြောင်းလည်း ၎င်းကပြောသည်။

ယင်းသို့ကြိုးပမ်းလုပ်ဆောင်မှုများကို NUG အစိုးရ နယ်စပ်ဖြတ်ကျော် မှုခင်းတိုက်ဖျက်ရေးလုပ်ငန်း အဖွဲ့အနေနှင့် တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်း ချိတ်ဆက်ညှိနှိုင်း ဆောင်ရွက်ပြီး နိုင်ငံတကာ၏ ကြိုးပမ်းအားထုတ်များကို အထောက်အကူပေးသွားမည်ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဆိုက်ဘာလိမ်လည်မှုလုပ်ငန်း ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ကျနော်တို့ အစိုးရ လက်အောက်မှာရှိတဲ့ ရဲတပ်ဖွဲ့နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေ လက်အောက်မှာရှိကြတဲ့ ရဲတပ်ဖွဲ့တွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ဖို့အတွက် နိုင်ငံတကာရဲ့ ပူးပေါင်းဆောင်ရွက် မှုတွေကို ဖိတ်ခေါ်လိုပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။

မြန်မာနိုင်ငံအတွင်း အလုပ်အကိုင် အခွင့်အလမ်းရှားပါးလာမှုကို ဆိုက်ဘာ လိမ်လည်မှုလုပ်ငန်း များက အခွင့်ကောင်းယူကာ ငွေကြေးအခွင့်အလမ်းများစွာဖြင့် အလုပ်အကိုင်တုများစွာ ခေါ်ယူနေမှုကို လူငယ် ၊ လူလတ်ပိုင်းများအနေဖြင့် အထူးသတိပြုသင့်ကြောင်းလည်း ၎င်းက ထည့်သွင်း တိုက်တွန်းသွားသည်။