မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် မြောက်ပိုင်း၊ တောင်ခင်ရန်းရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတစ်ဦးသေဆုံးကာ ၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
နိုဝင်ဘာ ၁၈ရက်၊ ည ၉ နာရီ ၄၉ မိနစ်နှင့် ၉ နာရီ ၅၄ မိနစ်ခန့်တွင် တောင်ခင်ရန်းရွာကို စစ်တပ်က ဂျက်ဖိုက်တာတစ်စင်းဖြင့် ဗုံး၃လုံးကြဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
” ပထမတစ်ကြိမ်မှာ ဗုံးတစ်လုံး၊ ဒုတိယတစ်ကြိမ်မှာ ဗုံး ၂လုံးချပါတယ်။ ဗုံးတွေက ရွာလယ်ကို ကျတာပါ။ အသက် ၄၀ အရွယ်အမျိုးသားတစ်ဦး အဆောက်အအုံပြိုကျပိမိပြီး ပွဲချင်းပြီး သေဆုံးပါတယ် ” ဟု ဂန့်ဂေါမြို့နယ် သတင်းရင်းမြစ်က MPA ကို ပြောသည်။
ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီး၂ဦးနှင့် အမျိုးသား ၅ဦးလည်း ဒဏ်ရာရရှိခဲ့ပြီး ခိုင်းနွား ၈ ကောင်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
” ခြေထောက် နဲ့ ကျောပြင်တွေမှာ ဒဏ်ရာရကြတာပါ။ ဆေးကုသခံယူနေပါတယ်။ အနားမှာ တိုက်ပွဲဖြစ်တာမျိုးလည်း မရှိဘဲ အကြောင်းမဲ့ လာပစ်တာပါ ” ဟု ၎င်းက ဆက်လက်ပြောသည်။
လေကြောင်းအန္တရာယ်ကြောင့် တောင်ခင်ရန်းရွာနေ ပြည်သူများ ရွာတွင် မနေရဲတော့ဘဲ ရှောင်တိမ်း နေကြကြောင်း သိရသည်။
တောင်ခင်ရန်းရွာ၏ ၅မိုင်ခန့်အကွာတွင် ဘူးလက်လှဆွေရွာ မြောက်ခင်ရန်းပျူစောထီးရွာရှိပြီး ၁၀မိုင်ခန့်အကွာတွင် ဟံသာဝတီပျူစောထီးရွာတို့ တည်ရှိသည်။
နိုဝင်ဘာ ၉ရက်မှစတင်ပြီး ဟံသာဝတီပျူရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ရိက္ခာထုပ်နှင့် လက်နက်ခဲယမ်းထုပ်များ မကြာခဏ လာရောက်ပို့ဆောင်လျက်ရှိပြီး ဂန့်ဂေါမြို့နယ် မြောက်ပိုင်းနှင့် ကလေးမြို့နယ် တောင်ပိုင်းတို့တွင် စစ်ရေးတင်းမာနေကြောင်း သိရသည်။
