မြန်မာနိုင်ငံရှိ အွန်လိုင်းငွေလိမ်မှု(ကျားဖြန့်)တိုက်ဖျက်ရေးအတွက် နိုင်ငံတကာ၏ လှုပ်ရှားမှုသည် အစိုးရချင်း ဗဟိုပြုချဉ်းကပ်မှုပုံစံကို စွဲကိုင်ကာ စစ်တပ်နှင့်ပူးပေါင်းမည်ဆိုပါက ထိရောက်အောင်မြင်မည် မဟုတ်ကြောင်း ကေအဲန်ယူက ပြောကြားလိုက်သည်။
နိုဝင်ဘာ ၁၉ ရက်ညက ထုတ်ပြန်လိုက်သော “နိုင်ငံဖြတ်ကျော် အွန်လိုင်းငွေလိမ်မှုကွန်ရက်များ၊လည် ပတ်ဆောင်ရွက်နေမှုများနှင့် ယင်းဆက်စပ် ရာဇဝတ်မှုများအား နိုင်ငံတကာမှ တိုက်ဖျက်ရေး ကြိုး ပမ်းမှုတွင် ပူးပေါင်းဆောင်ရွက်ရန် ကေအဲန်ယူ ၏ ကတိကဝတ်ပြုမှု”တွင် အထက်ပါအတိုင်း မှတ် ချက်ပြုထားသလို စစ်ကော်မရှင်နှင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက ပြည်သူလူထုအပေါ် မလိုလား အပ်သော ဆိုးကျိုးများ သက်ရောက်လာနိုင်ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။
မြန်မာစစ်တပ်သည် အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများ ဖြစ်ပေါ်လာရေးကိုတစ်ဖက်တစ်လမ်းမှ အားပေး သကဲ့သို့ ၎င်းလုပ်ငန်းများမှ အကျိုးအမြတ်ရရှိနေသည့် အဖွဲ့အစည်းဖြစ်နေသောကြောင့် အထက်ပါ အတိုင်း မှတ်ချက်ပြုခြင်းဖြစ်ကြောင်းလည်း ကေအဲန်ယူက ဆိုသည်။
“ကျားဖြန့်တွေဆီကနေ လိုင်းကြေး ကြီးကြီးမားမားရထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လတ်တလောရပ် တည်ချက်က ကျားဖြန့်တွေနဲ့ အမှုတွဲမဖြစ်ရေးအတွက် ကျားဖြန့်တိုက်ဖျက်ရေးကို ဟန်ပြလုပ်ဆောင် ရင်းနဲ့ နိုင်ငံတကာဆီကနေ ဘာတွေ အမြတ်ထပ်ထုတ်လို့ရမလဲဆိုတာပဲ”ဟု မုံရွာအ ခြေစိုက်တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ထို့အပြင် မြန်မာစစ်တပ်သည် အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများကို နိုင်ငံတကာနှင့်အတူ တိုက်ဖျက် မည်ဟု အကြောင်းပြ၍ ၎င်းတို့၏ နိုင်ငံတကာသံတမန်ဆက်ဆံရေးများ ချဲ့ထွင်ရန် ၊၎င်းတို့၏အုပ်ချုပ် ရေး တရားဝင်မှု ရရှိရန်နှင့် အင်အားအလွန်အကျွံသုံးစွဲခြင်းအတွက် အခွင့်ကောင်းယူကာ ပြည်သူများ အပေါ် ရက်စက်ကြမ်းကြုတ်မှုများ ပိုမိုကျူးလွန်မည်ကို အလွန်စိုးရိမ်မိကြောင်းလည်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။
အရှေ့တောင်အာရှဒေသရှိ အွန်လိုင်းငွေလိမ်မှုလုပ်ငန်းများနှင့် ဆက်စပ်ရာဇဝတ်မှုများကို နှိမ်နင်းရေး အတွက် နိုင်ငံတကာ၏ ကြိုးပမ်းမှုများကို ကြိုဆိုပြီး ထိုဆောင်ရွက်မှုများတွင် ကေအဲန်ယူသည်လည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပါဝင်သွားမည်ဟုလည်း ကတိပြုသည်။
နိုဝင်ဘာ၁၄ရက်တွင် တရုတ်နိုင်ငံ၊ကူမင်းမြို့၌ တရုတ်၊ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်းနှင့် ဗီယက် နမ်တို့ အရေးပေါ်အစည်းအဝေးပြုလုပ်ကြပြီး ကျားဖြန့်ကို ပူးတွဲတိုက်ဖျက်ရေး အရှိန်မြှင့်တင်ရန် သ ဘောတူညီခဲ့ကြကြောင်း တရုတ်သတင်းများ၌ ဖော်ပြသည်။
