ကရင်နီပြည်၊ ဒီးမော့ဆိုးအနောက်ခြမ်းတစ်နေရာတွင် နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံက Crochet for Karenni တည်ထောင်သူ မသန္တာအောင်ကို လည်ပင်းညှစ် နားရင်းအုပ်ကာ သေနတ်ဖြင့် ခြိမ်းခြောက်မှုပြုလုပ်ခဲ့သော်လည်း ၎င်းကို အရေးယူမည့်သူမရှိသေးကြောင်း မြေပြင်သတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၈ရက်၊ ည ၉နာရီက နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံနှင့် ၎င်း၏ ဇနီးတို့ ရန်ဖြစ်စကားများခဲ့ရာမှ Crochet for Karenni တည်ထောင်သူ မသန္တာအောင်အား ကိုယ်ထိလက်ရောက်ကျူးလွန်ခြိမ်းခြောက်မှုကို စတင်ခဲ့ခြင်းဖြစ်သည်။
မသန္တာအောင်သည် နေပြည်တော် PDF စစ်ဆထာက်ချုပ် ဗိုလ်ဓူဝံ၏ ဇနီးနှင့် သူငယ်ချင်းဖြစ်ပြီး ဆိုင်ကယ် မတော်တဆဖြစ်၍ လက်ကျိုးနေခြင်းကြောင့် ဗိုလ်ဓူဝံ ဇနီးက အိမ်တွင်ခေါ်နေခဲ့ခြင်းဖြစ်သည်။
ဗိုလ်ဓူဝံတို့လင်မယားသည် ဗုံးခိုကျင်းအတွင်း စကားများရန်ဖြစ်နေစဉ် မည်သည့်အတွက်ကြောင့် ရန်ဖြစ်ရသနည်းဟု မသန္တာအောင်က မေးမြန်းရာ ဗိုလ်ဓူဝံက M-4 သေနတ် နှစ်လက်နှင့် ပစ္စတို သေနတ်တို့ကိုင်ကာ မသန္တာအောင်အား ခြိမ်းခြောက်သည့်အပြင် ရိုက်နှက်မှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။
“သူ့သေနတ်ကို ပစ်ချပြီးတော့ အမ ကိုလည်ပင်းညှစ်ပြီး ပါးရိုက်သွားတယ်။ နားရင်းအုပ် သွားတာပေါ့။ အဲ့ဒီတော့အမရဲ့ ဒီဘက်နားထင်က သွေးခြေဥသွားတယ်။ မျက်လုံး တစ်ခြမ်းကရောင်သွားတယ်။ ပြီးရင်လက်ကိုဖယ်လိုက်တဲ့ အချိန် မှာ အမ လက်တစ်ဖက်က ကျိုးထားလို့ စတီးချောင်းထည့်ထားတာ ကျန်တဲ့ လက်ပခုံးကို ရိုက်မိသွားတယ် ”ဟု မသန္တာအောင်ကပြောသည်။
ယခုကဲ့သို့ ရိုက်နှက်ခံရမှုကြောင့် မသန္တာအောင်က ဗိုလ်ဓူဝံအား မည်သည့်အတွက်ကြောင့် ရိုက်နှက်ရသနည်းဟု မေးမြန်းရာ ဗိုလ်ဓူဝံက ကောင်မဟုပြောဆိုပြီး လက်သီးဖြင့် ထိုးရန်ကပ်လာသည့်အတွက် ကြားဝင်ကူညီပေးခဲ့ရကြောင်း ဗိုလ်ဓူဝံ အမျိုးသမီး၏ တူတော်စပ်သူက ပြောသည်။
“ဆရာမကိုဆဲတဲ့ အချိန်မှာ ကျတော်က ထွက်သွားကြည့်တော့ နေပြည်တော်စစ်ထောက်ချုပ် ဗိုလ်ဓူဝံက ဆရာမကို လည်ပင်းညှစ်တယ်ပေါ့။ ပြီးတော့ ပါးရိုက်လိုက်တယ်။ အဲဒါကိုမြင်လို့ ကျတော်က ဒီလိုလုပ်ရကောင်းလားဆိုပြီး မခံချင်စိတ်နဲ့ သွားတားပေးတာ။ တားနေရင်းနဲ့ ဆရာမကို သူက ထပ်ထိုးဖို့ လုပ်တယ် ။ အဲ့ဒီအချိန်မှာ ကျတော်က တွန်းထုတ်လိုက်တယ်။ ပြီးတော့ ထွက်သွားတော့လို့ ကျတော်က မောင်းထုတ်လိုက်တဲ့ အချိန်မှာ သူက မသွားဘဲ သေနတ်ကိုကောက်ကိုင်ပြီး ဆရာမကို သေနတ်နဲ့ ချိန်ပြီးတော့ နင်တို့ ကိုပစ်သတ်လိုက်လို့ ရတယ်လို့ ပြောပြီးထွက်သွားတယ်”ဟု ဗိုလ်ဓူဝံအမျိုးသမီး၏ တူတော်သူက ပြောသည်။
“ကောင်မ နင်က ဘာဖြစ်ချင်လဲဆိုပြီးတော့ ထိုးမလို့ ရှေ့တက်ထိုးတာ၊ အဲ့ဒီအချိန်မှာဒီကလေးက ရှေ့ကနေ ကာပြီးတော့ အန်တီ သန္တာအောင်နဲ့ မဆိုင်ဘူး အန်တီသန္တာအောင်ကို လုပ်စရာမလိုဘူးဆိုပြီး သူက ကာပေးလို့ အထိုးမခံရလိုက်ဘူး”ဟု မသန္တာအောင်က ပြောသည်။
ယခုကဲ့သို့ ဖြစ်ပွားပြီးနောက် ဗိုလ်ဓူဝံက မသန္တာအောင်ထံ သုံးကြိမ် တိတိ တောင်ပန်းခဲ့သော်လည်း စိတ်ကျေနပ်စေသည့် တောင်ပန်းမှုမျိုးမဟုတ်သည့်အတွက် အမှန်တရားကိုသာအလိုရှိကြောင်း ၎င်းက ဆိုသည်။
နေပြည်တော် PDF စစ်ထောက်ချုပ် ဗိုလ်ဓူဝံနှင့် ပတ်သက်ပြီး ၎င်းနှင့် အနီးဆုံးနေထိုင်သည့် တော်လှန်ရေးရဲဘော်များအား မေးမြန်းရာ “ကျတော်အကုန်သိတယ်။ သူက သွား ကြိတ်တယ်။ ခဏခဏကို ကြိတ်တာ၊ စိတ်ကျန်းမာရေးပြဿနာလား၊ တော်လှန်ရေးမှာ စိတ်နှစ်ထားလို့လားတော့မသိဘူး”ဟု ၎င်းကပြောသည်။
ယခုဖြစ်စဉ်နှင့် ပတ်သက်ပြီး မသန္တာအောင်က ကရင်နီပြည်ရဲဌာန(KSP)ထံ အစောဆုံးတိုင်စာပို့ခဲ့သော်လည်း မည်သည့်အရေးယူမှုမျှ မရှိခဲ့သောကြောင့် NUG ကာကွယ်ရေးဌာန၊ ကလလတ ဗျူဟာ ၂၊ ကရင်နီအမျိုးသမီးအစည်းအရုံး(KNWO)၊ IEC အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန၊ ကရင်နီပြည်တပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့ တို့ကို တိုင်ကြားထားပြီး အမှုမှန်ပေါ်ပေါက်ရေးကို မျှော်လင့်လျက်ရှိနေသည်။
မသန္တာအောင်သည် ကရင်နီပြည်အတွင်း ကိုယ်ပိုင်ငွေကြေးဖြင့် Crochet for Karenni သင်တန်းကျောင်းကို တည်ထောင်ကာ အမျိုးသမီးများကို သင်တန်းများပေးနေသည့် ဆရာမတစ်ဦးလည်းဖြစ်သည်။
