မြဝတီမြို့နယ် ကျားဖြန့်ရုံမှ ထွက်ပြေးလာသည့် နိုင်ငံသားနှင့် နိုင်ငံခြားသား အလုပ်သမားတစ်ထောင်နီးပါး မွန်၌ ဖမ်းဆီးခံရ

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ - ပေါင်မြို့နယ်တွင် စစ်ကော်မရှင်တပ်ဖွဲ့များက ဖမ်းဆီးထားသည့် ကျားဖြန့်လုပ်သားများ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်း ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းမှ ထွက်ပြေးလာသည့် နိုင်ငံခြားသားများနှင့် နိုင်ငံသားအပါအဝင် စုစုပေါင်း ၁၀၀၀ နီးပါးကို မွန်ပြည်နယ်အတွင်းမှာ ဖမ်းဆီးထိန်းသိမ်းထားကြောင်း စစ်ကော်မရှင်နှင့် နီးစပ်သူများထံမှ သိရသည်။

မြဝတီမြို့နယ်အတွင်း ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းများကို စစ်တပ်နှင့် လက်နက်ကိုင်အဖွဲ့များက ဖမ်းဆီးမှုများ ပြုလုပ်ပြီးနောက် ထွက်ပြေးလာကြသူများအနက် ၁၀၀၀ နီးပါးကို မွန်ပြည်နယ်အဝင်အထွက်နေရာများတွင် ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

“တစ်ပတ်အတွင်းလောက်ပဲ ပြောရမယ်၊ သူတို့က ဘားအံကနေ သထုံဘက်ကိုဝင်လာတာ အဲဒီမှာပဲ ၅၀၀ ကျော် လောက်မိတယ်၊ ပြီးတော့ မော်လမြိုင် ဘက်ကို ဝင်လာတာ၊ အဲဒီမှာ အစုလိုက်အပြုံလိုက်ဖြစ်နေတော့ သက်ဆိုင်ရာကလည်း ဒီအခြေအနေကို သိနေတော့ စောင့်ပြီး ဖမ်းလိုက်တာ၊ အခုဆို တစ်ထောင်လောက်ရှိပြီးပေါ့” ဟု မွန်ပြည်နယ်စစ်ကော်မရှင်နှင့် နီးစပ်သူ တစ်ဦးက MPA ကို ပြောသည်။

ကရင်ပြည်နယ်နှင့် နယ်နမိတ်ထိစပ်နေသည့် မြို့အဝင်အထွက်လမ်းများအပြင် ခရိုင်ချင်းဆက်လမ်းများတွင် စစ်တပ်၊ ရဲတပ်ဖွဲ့အပါအဝင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ဂိတ်ချစစ်ဆေးမှုများ ပြုလုပ်ပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ဖမ်းဆီးရမိသူများတွင် မြန်မာနိုင်ငံသားများထဲတွင် ရှမ်းပြည်နယ်ဒေသခံအများစုပါဝင်ပြီး နိုင်ငံခြားသား၌ တရုတ်နိုင်ငံသား အများဆုံးပါဝင်ကြောင်း သိရသည်။

၎င်းတို့သည် ကိုယ်ပိုင်ကား၊ အငှားယာဉ်များဖြင့် မြဝတီမြို့နယ်မှတစ်ဆင့် မွန်ပြည်နယ်ကို ဖြတ်သန်းပြီး သက်ဆိုင်ရာ ဒေသအသီးသီးကို ပြန်ကြသူများရှိသလို အချို့မှာ ပြည်နယ်အတွင်း အိမ်ငှားနေထိုင်ကြသူများ လည်းပါဝင်ကြောင်း ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဒီနေ့(နိုဝင်ဘာလ ၂၆ ရက်) မနက်ကဆို ပေါင်မြို့နယ် ရင်းငြိမ်ဘူတာမှာ အယောက်တစ်ရာကျော် ဖမ်းမိတယ်။ သူတို့က အိမ်စီးကားတွေနဲ့ လာပြီး ရထားနဲ့ ခရီးဆက်ဖို့ အဲဒီမှာ နိုင်ငံခြားသားတွေလည်း ပါတယ်” ဟု ပြောသည်။

အဆိုပါကျားဖြန့်လုပ်သားများတွင် အမျိုးသမီး ၄၀နီးပါးပါဝင်ပြီး ၎င်းတို့အားလုံးကို လူဝင်မူကြီးကြပ်ရေး အဖွဲ့ နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များ စစ်ဆေးမှုများ ပြုလုပ်နေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

စစ်ကော်မရှင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူအချို့ ပြောဆိုချက်အရ မြဝတီမြို့နယ်တွင် ကျားဖြန့်နှိမ်နင်းရေး ဆောင်ရွက်နေသည့်ကာလအတွင်း မွန်ပြည်နယ်ဘက်ကို ဖြတ်သန်း သွားလာသည့် နိုင်ငံသားများနှင့် နိုင်ငံခြား သားများကို သေချာစိစစ်ပြီး ပြစ်မှုကျူးလွန်သူများအား အရေးယူရန် ညွှန်ကြားထားကြောင်း ဆိုသည်။

နိုင်ငံတကာဖိအားပေးမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့်အချိန်တွင် ကျားဖြန့်လုပ်ငန်း အမြစ်ဖြတ်ချေးမှုန်းရန် စစ်ခေါင်းဆောင်၏ဘားအံခရီးစဉ်ညွှန်ကြားချက်များကြောင့် ယခုကဲ့သို့ ဖမ်းဆီးမှုများ ရှိလာခြင်း ဖြစ်ကြောင်း သုံးသပ်ပြောဆိုမှုများ ရှိနေသည်။

“အခြေအနေက အရင်ကနဲ့မတူတော့ဘူး၊ ဒီကျားဖြန့်ကို US ၊ တရုတ်တို့လို နိုင်ငံတွေမက အိမ်နီးချင်းနိုင်ငံရော ဖိအားအကြီးအကျယ်ပေးနေတော့ သူတို့လုပ်မှ ရတော့မယ့်အနေအထားဆိုတာ သိနေပြီလေ၊ ဒီဟာကို အခွင့် ကောင်းယူပြီး စစ်တပ်က နိုင်ငံရေးအရ အမြတ်ထုတ်သွားနိုင်တယ်” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ဦးက မှတ်ချက်ပြုသည်။

လက်ရှိ မြဝတီမြို့နယ်အတွင်းရှိ ရွှေက္ကိုလ်၊ KK Park ၊ မင်းလက်ပံ အစရှိသည့် ကျားဖြန့်လုပ်ငန်းခွင်များကို စစ်ကော်မရှင်အပါအဝင် ကရင်အမျိုးသားအစည်းအရုံး KNU နှင့် တော်လှန်ရေးအင်အားစုများကလည်း ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်နေကြသည်။

စစ်ကော်မရှင်ထုတ်ပြန်ချက်အရ မြဝတီမြို့နယ်အတွင်း ကျားဖြန့်ငွေလိမ်လည်ဂိုဏ်းများကို နှိမ်နင်းခဲ့သည့် နိုဝင်ဘာလ ၁၈ ရက်မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ နိုင်ငံခြားသား ၂၀၀၀ နီးပါးကို ဖမ်းဆီးခဲ့ပြီး KNU ကလည်း မင်းလက်ပံကျားဖြန့်ရုံမှ နိုင်ငံခြားသားအပါအဝင် အလုပ်သမား ၂၀၀၀ ကျော်ကို တွေ့ရှိခဲ့သည်ဟု ထုတ်ပြန် ထားသည်။

ဖမ်းဆီးရမိသူများအနက် အချို့ကို သက်ဆိုင်ရာနိုင်ငံများကို ပြန်လည်ပို့ဆောင်နေသော်လည်း နိုင်ငံခြားသားအများစုသည် သောင်းရင်းမြစ်ကမ်းနား၌ ပိတ်မိနေသူများလည်းရှိနေသည်။