စစ်ကော်မရှင် တစ်ဖက်သတ်ပြုလုပ်ရန် စီစဉ်နေသည့် ရွေးကောက်ပွဲကို တရားဝင်မှုမရှိကြောင်း ဥရောပပါလီမန်၏ ကြေညာချက်ကို NUG နိုင်ငံခြားရေးဝန်ကြီးက ကျေးဇူးတင်ရှိသည်ဟု ပြောကြား လိုက်သည်။
နိုဝင်ဘာ၂၇ရက်တွင် အီးယူအဖွဲ့ဝင် ၂၇နိုင်ငံ၏ လွှတ်တော် ဥရောပပါလီမန်က စစ်ကော်မရှင်ရွေး ကောက်ပွဲကို တရားမဝင်ရွေးကောက်ပွဲဟု သတ်မှတ်ခဲ့ရုံတင်မက ယင်းရွေးကောက်ပွဲသည် နိုင်ငံတ ကာအသိအမှတ်ပြုရယူရန် ကြိုးပမ်းခြင်းဖြစ်ကြောင်းနှင့် တရားမဝင်ရွေးကောက်ပွဲရလဒ်များကို လည်း ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။
“ဒီထုတ်ပြန်ချက်ဟာ အမေရိကန်ဝန်ကြီးရဲ့ ရွေးကောက်ပွဲကို ထောက်ခံသယောင် လုပ်လာတဲ့ ကြေညာချက်ကြောင့် မာန် တက်လာတဲ့ စစ်ကော်မရှင်ကို အီးယူပါလီမန်က နာနာလေးကန်ပေး လိုက်တာပဲ”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ဥရောပပါလီမန်၏ ယင်းကြေညာချက်ကို NUGနိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်က မြန်မာပြည်သူတို့၏ အသံကို နားထောင်ပေးသဖြင့် ကျေးဇူးတင်ရှိကြောင်း ၎င်း၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် ရေးသားထားသည်။
အကြောက်တရားနှင့် ဖိနှိပ်မှုများအောက်တွင် ပြုလုပ်သည့် မည်သည့်ရွေးကေက်ပွဲမဆိုကို လွတ်လပ်မျှတသည့် ရွေးကောက်ပွဲအဖြစ် မသတ်မှတ်နိုင်ကြောင်းလည်း ဥရောပပါလီမန်က မှတ်ချက်ပြုသည်။
ဥရောပပါလီမန်က စစ်တပ်အနေနှင့် ၂၀၂၀ရွေးကောက်ပွဲရလဒ်ကို အပြည့်အဝ လိုက်နာပြီး အရပ်သားအစိုးရကို ချက်ချင်းအာဏာပြန်အပ်ရန်နှင့် မြန်မာနိုင်ငံအပေါ် ကမ္ဘာလုံးဆိုင်ရာ လက်နက်တင်ပို့မှုပိတ်ဆို့ရေးကို လုံခြုံရေးကောင်စီအနေနှင့် အမြန်ဆုံးချမှတ်ရန်တောင်းဆိုသည်။
ထို့အပြင် စစ်တပ်ကို ဘက်စုံ အထောက်အပံ့ပြုနေသည့် တရုတ်၊ရုရှားနှင့် အခြားသော နိုင်ငံများ ကိုလည်း ဥရောပပါလီမန်က ပြစ်တင်ရှုတ်ချလိုက်သည်။
အမေရိကန်၊အမိမြေလုံခြုံရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားများကို ပေးအပ်ထားသည့် ယာယီခိုလှုံခွင့် TPS ကိုဖျက်သိမ်းကြောင်း နိုဝင်ဘာ၂၅ရက်က ထုတ်ပြန်ရာ၌ မြန်မာနိုင်ငံအခြေအ နေတိုးတက်လာပြီဟု ဆိုထားသလို ဒီဇင်ဘာတွင် လွတ်လပ်မျှတသော ရွေးကောက်ပွဲကျင်းပမည် ဟုလည်း ဖော်ပြထားသည်။
