လွတ်ငြိမ်းခွင့်ရ နိုင်ငံရေးအကျဉ်းသားများကို စောင့်ကြည့်ရန် ရန်ကုန်ရပ်ကွက်ရုံး များသို့ စစ်တပ်က ညွှန် ကြားထားကြောင်း သိရသည်။
ပုဒ်မ ၅၀၅(က)အမှုတစ်ခုတည်းဖြင့် မတရားထောင်ချထားသော နိုင်ငံရေးအကျဉ်းသားများကို လွတ်ငြိမ်း ခွင့်ပြုသည့် နိုဝင်ဘာ၂၈ရက်ညတွင်ပင် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသား များရှိသည့် ရပ်ကွက်အုပ်ချုပ်ရေးရုံးများအား အထက်ပါအတိုင်း ညွှန်ကြားခြင်းဖြစ်ကြောင်း ရန်ကုန် မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။
“ရပ်ကွက်အုပ်ကြီးတွေတင်မကဘူး။ကျနော်တို့ရဲ နယ်ထိန်းတွေလည်း ဖြတ်သွားဖြတ်လာ သတိထား ကြည့်ဖို့ လိုတာပေါ့နော်။တစ်ခုခုဖြစ်ရင် နယ်ထိန်းတွေ မသိရကောင်းလားဆိုပြီး စစ်တပ်က ကြိမ်း မောင်းတာကိုး။အုပ်ကြီးတွေကတော့ တာဝန်တစ်ရပ်အနေနဲ့ကို သူတို့ဆီက ပျူတွေကို စောင့်ကြည့် ပေါ့။ ဒါက လွတ်ငြိမ်းချမ်းသာပေးတိုင်း လုပ်ရတာမျိုးပါ”ဟု ၎င်းက MPAသို့ပြောသည်။
ရန်ကုန်မြို့ ရပ်ကွက်တိုင်းရှိ နိုင်ငံရေးအကျဉ်းသားဟောင်းများ ရှိသည့် အိမ်တိုင်းသည် စောင့်ကြည့် ခံ အိမ်များဖြစ်ကြောင်း လှိုင်မြို့နယ်နေ စစ်ကော်မရှင်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။
“ဧည့်စာရင်းစစ်ရင်လည်း နိုင်ငံရေးနဲ့ပတ်သက်တဲ့အိမ်တွေကို ဦးစားပေးစစ်တာပေါ့။အခုပူပူနွေးနွေး လွတ်လာတဲ့သူတွေကို အုပ်ကြီး၊အုပ်လေးတွေ စောင့်ကြည့်ရတာ ထုံးစံပဲ။နိုင်ငံရေးတွေက အရမ်းများ တော့ နိုင်ငံရေးသီးသန့်ကိုင်တဲ့ စရဖ(စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့)တို့ဘာတို့ လူအင်အား မရှိဘူး။ အဲဒါကြောင့် အဓိကစောင့်ကြည့်ရတဲ့ အုပ်ကြီးရုံးကကောင်တွေ။ထူးခြားရင် စစ်တပ်ကို သတင်းပို့ပေါ့” ဟု ၎င်းက ပြောသည်။
၅၀၅(က)ဖြင့်အမှုဖွင့်ခံထားရပြီး တိမ်းရှောင်နေသူနှင့် တရားစွဲဆိုခံထားရသူ ၅၅၈၀ကို အမှုပိတ်သိမ်း ခဲ့ပြီး ၅၀၅(က)ဖြင့် ထောင်ကျနေသူ ၂၃၆၁ဦး အား လွတ်ငြိမ်းခွင့်ပြုကြောင်း စစ်ကော်မရှင်က နိုဝင်ဘာ၂၆ရက်က ထုတ်ပြန်ခဲ့ရာ ရန်ကုန်မြို့၊အင်းစိန်ထောင်မှ အမျိုးသမီး၇၈ဦးနှင့် အမျိုးသား၁၁၄ဦး စုစုပေါင်း၁၉၂ဦး ပြန်လွတ်လာကြောင်း နိုဝင်ဘာ၂၈ရက် သတင်းများအရ သိရသည်။
