မန္တလေးဒေသလွတ်မြောက်နယ်မြေများတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်တကျလည်ပတ်နိုင်ရန် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း

မန္တလေးဒေသလွတ်မြောက်နယ်မြေများတွင် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး စနစ်တကျလည်ပတ်နိုင်ရန်အတွက် မန္တလေးဒေသလွှတ်တော်က အတည်ပြုချက်ဖြင့် မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC) ကို ယနေ့(နိုဝင်ဘာ ၂၈ရက်)တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ယခုဖွဲ့စည်းခဲ့သည့် မန္တလေးဒေသကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကအဖြစ် ဦးမြင့်အောင်မိုး၊ ဒုတိယဥက္ကဌအဖြစ် ဦးအောင်မျိုးလတ်၊ အတွင်းရေးမှူး အဖြစ် ဦးဌေးတို့အပါအဝင် ကောင်စီဝင်ကိုးဦးဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

ယခုဖွဲ့စည်းခဲ့သည့် ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖြစ်ပေါ်လာရန်အတွက် ကောင်စီဝင်အမည်စာရင်းနှင် ကိုယ်ရေးအကျဉ်းတို့ကို ပြီးခဲ့သည့် အောက်တိုဘာ ၂၅ရက်တွင် မန္တလေးဒေသလွှတ်တော်သို့ တင်သွင်းခဲ့ခြင်းဖြစ်ပြီး လွှတ်‌တော်မှ မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံ ပုဒ်မ ၆၈၊ ပုဒ်မ ၆၉၊ ပုဒ်မ ၇၂ နှင့် ပုဒ်မ ၇၃တို့အရ ယနေ့တွင် အတည်ပြုခဲ့ခြင်းဖြစ်သည်။

” ဒီလိုမျိုးဖြစ်ဖို့ ကြားထဲမှာကြိုးပမ်းဆောင်ရွက်ရတဲ့ ဖြစ်စဉ်တွေအများကြီးရှိတယ်။​ မန္တလေးဒေသအတွင်းမှာရှိတဲ့အင်အားစုတွေ အတတ်နိုင်ဆုံးပါနိုင်သမျှပါအောင် တစ်ရာခိုင်နှုန်းမဟုတ်ပေမယ့် စုနိုင်သလောက်စုပြီး အစည်းအဝေးတွေလုပ်ကြတယ်။ အဓိကအကြောင်းရင်းကတော့ရှေ့မှာ လွတ်မြောက်ဒေသတွေကိုဖော်ဆောင်နိုင်တဲ့အခြေအနေတွေကိုလေ့လာပြီးတဲ့အခါမှာ မန္တလေး ဒေသကလဲ လွတ်မြောက်မှုတွေရှိလာတဲ့အခါကြတော့ ကိုယ့်လွတ်မြောက်ဒေသတွေမှာ ဥပဒေပြုရေး၊​ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုင်ရာကိစ္စတွေကို စနစ်တကျနဲ့ လည်ပတ်နိုင်အောင်ဘယ်လိုလုပ်ကြမလဲဝိုင်းစဉ်းစားရင်းနဲ့ ကြားကာလအစီအမံတစ်ခုထွက်ဖို့လိုတယ်။ အဲအစီအမံကိုအများသဘောတူညီချက်နဲ့ဝိုင်းရေးခဲ့ကြတယ် ” ဟု မန္တလေးဒေသတွင်း နိုင်ငံရေးအင်အားစုများ၏ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံတွင်ပါဝင်ဆောင်ရွက်ခဲ့သည့် ကိုအောင်မှိုင်းဆန်းကဆိုသည်။

မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီ(MIGC)ကို အုပ်ချုပ်ရေးဌာနကြီး၊ ကာကွယ်ရေးနှင့် လုံခြုံရေးဌာနကြီး၊​ဘဏ္ဍာရေး၊ အခွန်နှင့် သဘာဝသယံဇာတစီမံခန့်ခွဲရေးဌာနကြီး၊ ပညာရေးဌာနကြီး၊​ လူငယ်အမျိုးသမီးနှင် ကလေးသူငယ်ရေးရာဌာနကြီး၊ လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနကြီး နှင့် ကျန်းမာရေးဌာနကြီးဟုဆိုကာ ဌာနကြီး ၇ ခုဖြင့်ဖွဲ့စည်းထားသည်။

“မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီမှာ လူသားစာနာလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တာဝန်ပေးအပ်ခံရပါတယ်။ ဒီကနေ့ကစလို့ ၂နှစ်တိတိ တာဝန်ယူမှု တာဝန်ခံမှုရှိရှိ အလုပ်လုပ်သွားပါမယ်လို့ ကတိပေးပါတယ်။ တစ်ဖက်မှာလည်း ဝေဖန်အကြံပြုမှုတွေကိုလည်း စောင့်မျှော်ကြိုဆိုပါတယ်။ ” ဟု လူသားချင်းစာနာကူညီရေးနှင့် အရေးပေါ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနကြီး မှူးဖြစ်လာသည့် ဒေါ်အေးမြင့်အောင်အောင်ကဆိုသည်။

အဆိုပါကောင်စီဖြစ်ပေါ်လာရန်အတွက် ပထမအဆင့် မန္တလေးဒေသတွင်း နိုင်ငံရေးအင်အားစုများ၏ ပေါင်းစပ်ညှိနှိုင်းရေးစင်္ကြံတွင် မန္တလေးကြားကာလအစီအမံအရ ရွေးချယ်အတည်ပြုပြီးနောက် မန္တလေးဒေသလွှတ်တော်မှ ဒုတိယအဆင့်အတည်ပြုပြီး ဖွဲ့စည်းပေးခဲ့ခြင်းဖြစ်ကြောင်း ကိုအောင်မှိုင်းဆန်းကဆိုသည်။

နွေဦးတော်လှန်ရေးကာလအတွင်း ပထမဆုံးသောအုပ်ချုပ်ရေးကောင်စီဖြစ်လာသည့် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို ၂၀၂၃ ခုနှစ် ဇွန်လ ၁၂ ရက်နေ့တွင် ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ က ဖွဲ့စည်းခဲ့သည်။

ထို့ပြင် ပြီးခဲ့သည့် နိုဝင်ဘာ ၁၇ရက်ကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် ဆဌမအကြိမ်မြောက်ပုံမှန်အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဖက်ဒရယ် အစိုးရကို ဖွဲ့စည်းလိုက်ပြီး ဝန်ကြီးချုပ်အဖြစ် ဦးစိုးဦးကို ရွေးချယ်တင်မြှောက်ခဲ့သေးသည်။

စာတည်း-ကိုဆန်း