စစ်ကော်မရှင်ကိုယ်စားလှယ်များနှင့် အင်ဒိုတွင် လုံးဝတွေ့ဆုံခဲ့ခြင်းမရှိဟု NUCC ဆို

အင်ဒိုနီးရှားနိုင်ငံတွင် စစ်ကော်မရှင်ကိုယ်စားလှယ်များနှင့် လုံးဝတွေ့ဆုံခဲ့ခြင်းမရှိကြောင်း အမျိုးသား ညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC က ထုတ်ပြန်လိုက်သည်။

အင်ဒိုနီးရှား၏ ဖိတ်ကြားချက်အရ အလုပ်ရုံဆွေးနွေးပွဲတက်ရောက်နေစဉ် စစ်ကော်မရှင်ကိုယ်စား လှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု လတ်တလောသတင်းထွက်ပေါ်နေမှုအပေါ် NUCC က မည် သည့်နေရာ၊မည်သည့်အခြေအနေတွင်မျှ တွေ့ဆုံခဲ့ခြင်းမရှိကြောင်း ဒီဇင်ဘာ၃ရက်ညက ထုတ်ပြန် ခဲ့ သည်။

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက် မှ ၃၀ ရက်အထိ ကျင်းပခဲ့သော “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည် ဆောက် ရေး ဆိုင်ရာ အတွေ့အကြုံများကို မျှဝေခြင်း” အလုပ်ရုံဆွေးနွေးပွဲတွင် အခြားသော တော် လှန်ရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့်အတူ NUCC ကိုယ်စားလှယ် ၂ဦး ဦးတက်ရောက်ခဲ့ပြီး ယင်းအလုပ်ရုံဆွေးနွေးပွဲ၌ အင်ဒိုနီးရှား Special Envoy on Myanmar ရုံးအဖွဲ့က မျှဝေသော “အင်ဒိုနီးရှားနိုင်ငံ၏ နိုင်ငံတည်ဆောက်ရေးဆိုင်ရာ အတွေ့အကြုံများ” ကို လေ့လာခဲ့ကြကာ ပါဝင်တက်ရောက်သူများအကြား လေ့လာတွေ့ရှိမှုများအပေါ် အမြင်များ ဖလှယ်ဆွေးနွေးခဲ့ကြခြင်းသာ ဆောင်ရွက်ခဲ့ကြကြောင်း NUCC ကဆိုသည်။

“မလေးရှား အာဆီယံဥက္ကဌကာလမှာ တော်လှန်ရေးအင်အားစုတွေနဲ့ တရားဝင် တွေ့ဆုံဆွေးနွေးမှု တွေ ရှိလာ တယ်။ အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် နိုင်ငံတ ကာ အတွေ့အကြုံတွေ မျှဝေပေးတယ်။ပြီးတော့ တော်လှန် ရေးအင်အားစုတွေ လူတွေ့ဆွေးနွေးကြ ဖို့ ပလက်ဖောင်းတစ်ခု ဖန်တီးပေးတယ်လို့လည်း ထင်တယ်။အဲဒါတွေက ကောင်းတဲ့အချက်တွေပါ။ အ ခု အလုပ်ရုံဆွေးနွေးပွဲကလည်း အဲဒီသဘောပါပဲ။သွားရမယ်၊လေ့လာရမယ်၊သင်ယူရမယ်။ဒါပေမဲ့၊ အာဆီယံတစ်စုံလုံးအနေနဲ့ မြန်မာ့အရေးကို ထိရောက်တဲ့ စွမ်းဆောင်နိုင်စွမ်းမရှိဘူးဆိုတာလည်း မ မေ့ကြဖို့လိုပါတယ်။အာဆီယံမူ၅ရပ်ဟာ မွေးကတည်းက သေနေပါပြီ”ဟု မုံရွာအခြေစိုက် တက်ကြွ လှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

ယင်းအလုပ်ရုံဆွေးနွေးပွဲ ဖိတ်ကြားစာ ရရှိစဉ်ကတည်းကအလုပ်ရုံဆွေးနွေးပွဲ၏ ရည်ရွယ်ချက်၊ အခြားပါဝင်မည့် အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များကို သေချာရှင်းလင်းစွာ သိရှိနိုင်ရန် NUCC အနေဖြင့် မေးမြန်းခဲ့ကြောင်း Office of Special Envoy on Myanmar Issue (အင်ဒိုနီးရှားနိုင်ငံ)၏ NUCC သို့ ပြန်လည်ဖြေကြားချက်များအရ ဖိတ်ကြားမှုတွင် စစ်အုပ်စုကိုယ်စားလှယ်များ လုံးဝမပါရှိကြောင်းသေချာမှသာ NUCC အတွင်းဆွေးနွေးဆုံးဖြတ်၍ ကိုယ်စားလှယ်စေလွှတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

NUCC အနေဖြင့် တော်လှန်ရေး အောင်မြင်မှုကို ရှေးရှု၍ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ပါ ကတိကဝတ်များ နှင့်နိုင်ငံရေးလမ်းပြမြေပုံအတိုင်းသာ ဆက်လက် ကိုင်စွဲ ရပ်တည်သွားမည် ဖြစ်ကြောင်းလည်း ဆိုသည်။

စာတည်း-ML