အကြောက်တရားနှင့် မည်သို့ပင်ခြိမ်းခြောက်နေပါစေ မြန်မာပြည်သူတို့၏ ရဲစွမ်းသတ္တိကို ချိုးဖျက်၍ မရကြောင်း ကမ္ဘာကျော် တက်ကြွလှုပ်ရှားသူ ဂရီတာသွန်းဘတ်ဂ်က ပြောကြားလိုက်သည်။
ဆွီဒင်နိုင်ငံ၊စတော့ဟုမ်းမြို့အခြေစိုက် The Right Livelihood Foundation က ပေးအပ်သည့် နိုင်ငံတကာ အထင်ကရဆု The Right Livelihood Award ကို Justice for Myanmar က ရရှိခဲ့ပြီး ဒီဇင်ဘာ၂ရက်တွင် ယင်းအဖွဲ့ကိုယ်စား ၎င်းက ဆုလက်ခံရယူကာ မိန့်ခွန်းပြောစဉ် အထက်ပါအတိုင်း ထည့်သွင်းပြောကြား ခဲ့သည်။
၂၀၂၁ခုနှစ် တရားမဝင် အာဏာသိမ်းကြိုးပမ်းမှုစတင်ချိန်မှစပြီး စစ်တပ်သည်အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ ညှဉ်းပမ်းနှိပ်စက်မှုများ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ၊ ကျေးရွာများကို မီးရှို့မှုများနှင့် ပြည်သူများအပေါ် အကြမ်းဖက်စစ်ဆင်ရေးတစ်ရပ် လုပ်ဆောင်ခဲ့ပြီး ကလေးသူငယ်များကိုပင် သက်ညှာခဲ့ခြင်း မရှိခဲ့ကြောင်း ၎င်းကဆိုသည်။
” စစ်တပ်ရဲ့ အကြမ်းဖက်အာဏာသိမ်းကြိုးပမ်းမှုစတင်ချိန်မှစပြီး ၅နှစ်နီးပါးတိုင်အောင် မြဲမြံကြံ့ခိုင်သော ခွန်အား၊ ဂုဏ်သိက္ခာ၊ ပေးဆပ်အနစ်နာခံမှုမျာစွာနဲ့ စစ်အုပ်စုကို ဆန့်ကျင်ရပ်တည်ခဲ့ကြတဲ့ သတ္တိပြောင်မြောက်လှသော မြန်မာပြည်သူများကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ကျွန်ုပ်တို့ လက်ခံရယူပါတယ်။ ဒီဆုကို မြန်မာပြည်သူတို့ ပိုင်ဆိုင်ပါတယ် ” ဟု ၎င်းကပြောသည်။
ယင်းဆုသည် အာဏာရှင် ကင်းစင်သောအနာဂတ်တစ်ခုကို တည်ဆောက်နိုင်ရန်အတွက် မြဲမြံသော စိတ်ပိုင်းဖြတ်မှုနှင့် ဖီဆန်ချီတက်နေကြသည့် လူငယ်များ၊ ဆယ်စုနှစ်ချီကြာ ဖိနှိပ်မှုများကြားကပင် တရားမျှတမှုကို ဆက်လက်ကြိုးပမ်းရှာဖွေနေကြသူများ၊ အမှန်တရားကို ဖော်ထုတ်ဖို့ အရာရာစွန့် လွှတ်ပေးဆပ်ခဲ့ကြသည့် သတင်းပေးဖွင့်အံကြသူများ၊ စစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုများ ကင်းလွတ်စွာနဲ့ အများသူငှာ အသက်ရှင်နေနိုင်ရေးအတွက် မိမိတို့အသက်ဘဝများကို စတေးခဲ့ကြ သူများနှင့် အားလုံးသောပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် တရားမျှတမှုကို အာမခံသော ဖက်ဒရယ်ဒီမိုကရေစီအတွက် ဆက်လက်တိုက်ပွဲဝင်နေကြသည့် မရေမတွက်နိုင်သော ပြည်သူအပေါင်းတို့အတွက် ဖြစ်ပြီး ၎င်းတို့နဲ့အတူ ရပ်တည်ကြောင်းလည်း ဆိုသည်။
” ကျွန်ုပ်တို့ရဲ့လှုပ်ရှားမှုဟာ အဆိုပါရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့ကြတဲ့ စစ်ဗိုလ်ချုပ်ကြီးများကိုသာ ဦးတည်ဆန့်ကျင်နေခြင်းမဟုတ်ဘဲ စစ်အုပ်စုအတွက် ဘဏ္ဍာငွေ ဆက်လက်ထောက်ပံ့နေပြီး အကြမ်းဖက်မှုတွေကို အားပေးကူညီနေကြတဲ့ အစိုးရတွေ၊ ကော်ပိုရေးရှင်းတွေနဲ့ ဘဏ်တွေကိုလည်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုမျိုးဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်ုပ်တို့ သွေးစည်းညီညွတ်စွာ အတူတကွ ရပ်တည်နေတဲ့ ပါလက်စတိုင်းမှသည် ယူကရိန်း၊ အရှေ့တာကစ္စတန်မှသည် ဆူဒန် ထိုမှသည် ကမ္ဘာတစ်ဝန်းမှအဖိနှိပ်ခံလူထုအပေါ် ဖိနှိပ်နေမှုများကိုလည်း ဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် စစ်ရာဇဝတ်ဂိုဏ်းကို အပြီးတိုင်ဖျက်သိမ်းနိုင်ရန်အတွက် သွေးစည်းညီညွတ်မှုနှင့် အရေးယူဆောင်ရွက်မှုများ လိုအပ်ကြောင်းလည်း ဆိုသည်။
” ယခုဒီဇင်ဘာလမှာ စစ်အုပ်စုဟာ အတုအယောင် ရွေးကောက်ပွဲတစ်ရပ်ကို ကျင်းပတော့မှာဖြစ်ပါတယ်။ အစိုးရများအနေနဲ့ အဆိုပါအတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို သက်ဆိုးရှည်စေနေတဲ့ ဘဏ္ဍာငွေ၊ စစ်လက်နက်၊ စက်ပစ္စည်းကိရိယာနဲ့ လေယာဉ်ဆီလမ်းကြောင်းတွေကို ရပ်တန့်ဖို့ ကျွန်ုပ်တို့ တောင်းဆိုပါတယ်” ဟု၎င်းကပြောသည်။
ယခုဂုဏ်ပြုမှုသည် ကျွန်ုပ်တို့၏ မြဲမြံသောဆုံးဖြတ်ချက်များကို ပိုမိုခိုင်မာစေမှာဖြစ်ပြီး စစ်အုပ်စုနှင့် ၎င်းတို့ကို အားပေးကူညီသူများထံ ရှင်းလင်းပြတ်သားသည့် သတင်းစကားတစ်ရပ် ပါးလိုက်ခြင်းလည်း ဖြစ်သလို ကမ္ဘာကြီးကလည်း စောင့်ကြည့်နေကြောင်းနှင့် မြန်မာပြည်သူလူထု၏ တော်လှန်ရေးကသာ အောင်ပွဲခံပါလိမ့်မည်ဟု ၎င်းက ပြောကြားခဲ့သည်။
