မကွေးတိုင်း ၊ ပေါက်မြို့နယ်၌ နိုဝင်ဘာလအတွင်း စိတ်ကျန်းမာရေးမကောင်းသူ အပါအဝင် အမျိုးသမီး ၃ ဦးကို စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း သိရသည်။
နိုဝင်ဘာလအတွင်း စစ်တပ်နှင့် ပျူစောထီးများက ပေါက်မြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကြောင်းထိုး ၊ မီးရှို့ ဖျက်ဆီးခဲ့ပြီး ပြည်သူများအား ဖမ်းဆီး သတ်ဖြတ်ခဲ့ရာ သေဆုံးခဲ့ရသည့် ပြည်သူ ၁၆ ဦးရှိကာ စိတ်ကျန်းမာရေးမကောင်းသူအမျိုးသမီးမှာ အဓမ္မပြုကျင့်ခံရပြီးနောက် အသတ်ခံရခြင်းဖြစ်ကြောင်း ပေါက်မြိုနယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲရေးဌာနထံက သိရသည်။
“ကျဆုံးတဲ့ အမျိုးသမီးထဲမှာ အသက် ၅၀ ကျော်အရွယ် အမျိုးသမီးပေါ့နော်။ အဲဒါတော့ စိတ်မနှံ့တဲ့ အမျိုးသမီးတစ်ယောက်ကို ဗုံးခိုကျင်းထဲမှာ အဓမ္မပြုကျင့်ပြီးတော့မှ သတ်ခဲ့တယ်ပေါ့နော်”ဟု ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ထို့အပြင် နိုဝင်ဘာလအတွင်း စစ်တပ်က ဖမ်းဆီးခဲ့သည့် ပြည်သူ ၃၃ ဦးထဲတွင် အမျိုးသမီး ၈ ဦးပါဝင်ကြောင်းလည်း သိရသည်။
ဖမ်းဆီးခံရသည့် ပြည်သူများထဲမှ ၁၉ ဦး ပြန်လည်လွတ်မြောက်လာပြီး လွတ်မြောက်လာသူများ ထဲတွင်အမျိုးသမီး ၂ ဦး ပါဝင်ကာ ကျန်ပြည်သူ ၁၄ ဦး၏ အခြေအနေကိုမူ မသိရသေးပေ။
ပြန်လည်လွတ်မြောက်လာသည့်အထဲတွင် အသက် ၁၈ နှစ်နှင့် ၂၀ အရွယ် အမျိုးသား ၂ ဦးပါဝင်ပြီး ၎င်းတို့နှစ်ဦးကို စစ်တပ်က လူသားဒိုင်းပြုလုပ်ရန်နှင့် ပစ္စည်းများသယ်ရန် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေစဉ် တောက်လျှောက်ခေါ်ဆောင်သွားခဲ့ကာ နည်းလမ်းမျိုးစုံဖြင့်လည်း နှိပ်စက်ခဲ့ကြောင်း သိရသည်။
“အဲ့ဒီ့ကလေးတွေကို စတင်ဖမ်းဆီးစဉ်တုန်းကလည်း ရဲဘော်တွေ၊ PDF ဆိုပြီးတော့ ကလေးတွေကို လက်နောက်ပြန် ကြိုးတုပ်ပြီးခါကျမှ နောင်တစ်ချိန်မှာ သေနတ်ပြန်မကိုင်နိုင်အောင်ဆိုပြီးမှ လက်ကို တုံးပေါ်ပြီးမှ နှစ်ဖက်လုံးရဲ့ လက်ညှိုးတွေကို ဖြတ်ပစ်တာမျိုးတွေ ခံခဲ့ရတယ်ပေါ့နော်။ အခု ပြန်လည်လွတ်မြောက်လာတဲ့လူထဲမှာ ပါလာတယ်ပေါ့။ နောက်ကလေးတစ်ယောက်ဆိုလို့ရှိရင် သူက ပုံမှန်အချိန်မှာတုန်းကလည်း နားနည်းနည်းလေးတယ်ပေါ့နော်။ သူတို့ စစ်ဆေး မေးမြန်းတဲ့အ ချိန် မှာလည်း ကြောက်လန့်ပြီးကာမှ နားက မကြားတဲ့အခါမှာ စကားက ပီပီပြင်ပြင်မဖြေနိုင်တဲ့ အခါမှာ အဲဒီကလေးကို နားရွက်ပါလှီးတယ်ပေါ့နော်။ နားရွက်လည်းလှီးတယ်။ လက်ညှိုးနှစ်ဖက်လည်း ဖြတ်တယ်။နောက်တစ်ခါ လက်သန်းတွေပါ ဖြတ်ပစ်တယ်ပေါ့နော်”ဟု ၎င်းကပြောသည်။
စစ်တပ်၏ နှိပ်စက်မှုများကြောင့် အမျိုးသား ၅ ဦး ရာသက်ပန် ကိုယ်လက်အင်္ဂါ ပျက်စီးခဲ့ ကြောင်းလည်း သိရသည်။
နိုဝင်ဘာလအတွင်း စစ်တပ်က လက်နက်ကြီး ၂၁ ကြိမ်ပစ်ခတ်ခဲ့ပြီး ဂျက်ဖိုက်တာဖြင့် ၉ ကြိမ် ၊ Y 12 ဖြင့် ၄၇ ကြိမ် ၊ ပါရာမော်တာဖြင့် ၁၄ ကြိမ်နှင့် ဂျိုင်ရိုကော်ပတာဖြင့် ၁၁ ကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို့အပြင် နိုဝင်ဘာလအတွင်းပင် ကျေးရွာ ၁၀ ရွာ မီးရှို့ခံခဲ့ရပြီး အိမ်ခြေ ၈၅ လုံးပျက်စီးခဲ့ကာ စစ်ဘေးရှောင်စခန်းတစ်ခုမှ တဲ အလုံး ၃၀ ခန့်လည်း ပျက်စီးခဲ့သေးကြောင်း သိရသည်။
ပေါက်မြို့နယ်အတွင်း နိုဝင်ဘာ ၃ ရက်မှစတင်၍ ဆိပ်ဖြူ ကပစ ၂၂ မှ အင်အား ၅၀၀ ပါစစ်ကြောင်းသည် ဒေသခံ ပျူရွာများမှ ပျူစောထီးများနှင့် ပူးပေါင်းကာ စစ်ကြောင်း ၃ ကြောင်းခွဲ၍ စစ်ကြောင်းထိုးခဲ့ခြင်းဖြစ်သည်။
ယင်းစစ်ကြောင်းများကြောင့် ကျေးရွာ ၄၂ ရွာမှ ပြည်သူ ၃၅၀၀၀ ခန့်စစ်ရှောင်ခဲ့ရကြောင်း ပေါက်မြို့နယ် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။
