ရွှေဘိုမြို့မရဲစခန်းနှင့် ခလရ ၄၂တပ်ရင်းကို ဒရုန်းဖြင့် ဗုံးကြဲ၊ ရဲ ၃ဦး ပြင်းထန်ဒဏ်ရာရဟုဆို

ဓာတ်ပုံ - အမှတ် ၁၈၁၁ Northern Tigers
ပုံစာ - ရွှေဘိုမြို့မရဲစခန်းနှင့် ခလရ ၄၂ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့စဉ်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မရဲစခန်းနှင့် ခလရ ၄၂ကို PDF တပ်ဖွဲ့များက ဒရုန်းဖြင့် တစ်ပြိုင်နက် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ရဲ ၃ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

ဒီဇင်ဘာ ၅ရက်၊ နေ့ခင်း ၁၁နာရီ ၄၅မိနစ်ခန့်တွင် ရွှေဘိုမြို့မရဲစခန်းကို Fixed Wing Droneဖြင့် ဗုံး ၂လုံးကြဲချခဲ့ပြီး ခလရ ၄၂ တပ်ရင်းထဲသို့လည်း ဗုံး၄လုံးကြဲချခဲ့ကြောင်း အမှတ် ၁၈၁၁ Northern Tigers တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

” ရဲစခန်းဝင်းထဲ ကျတာပါ။ စခန်းဝင်း လိုင်းခန်းထဲ ကျလို့ပါ။ မြို့ထဲ Scott ပြောတာ ရခ ၂ ယောက် သေတယ်ပြောပေမဲ့ ထိခိုက် ပြင်းထန်ပဲ အတည်ပြုနိုင်ပါတယ်”ဟု အမှတ် ၁၈၁၁ Northern Tigers တပ်ဖွဲ့ တာဝန်ခံက MPA သို့ပြောသည်။

ရွှေဘိုမြို့ပေါ်ရှိ ခလရ ၄၂တပ်ရင်းထဲသို့ ဗုံးကြဲချခဲ့ရာ သေဆုံးစစ်သားများအတွက် လလယ်ဆွမ်း ကပ်ရန် ပြင်‌ဆင်နေသည့်နေရာသို့ ကျရောက်ခဲ့ကြောင်းသိရသည်။

” ကျဆုံး ခွေးတွေ လလယ်ပါ။ ၄၂(ခလရ၄၂) က ဒဏ်ရာရတယ်လို့ပဲ သိရပါတယ် ။သူတို့က သတင်းရဖို့ ခက်ပါတယ်။တပ်တွင်းဆိုတော့လေ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းတိုက်ခိုက်မှုပြီးနောက် မြို့မရဲစခန်းထဲမှ လက်နက်ငယ်များပစ်ဖောက်ခဲ့ပြီး ရွှေဘိုမြို့ တထပ၂(တပ်ထောက်ပို့)မှ ဟောင်ဝှစ်ဇာများဖြင့် ပြန်လည်ပစ်ခတ်ခဲ့သော်လည်း ကျေးရွာများသို့ ကျရောက်ပေါက်ကွဲခြင်းမရှိသလို လူထိခိုက်မှုလည်း မရှိကြောင်းသိရသည်။

ရွှေဘိုမြို့မရဲစခန်းသည် မြို့လယ်ခေါင်တွင် တည်ရှိပြီး ခလရ ၄၂သည် ရွှေဘို-ကျောက်မြောင်းလမ်းပေါ်တွင် တည်ရှိသည်။

ယင်းတိုက်ခိုက်မှုကို အမှတ် ၁၈၁၁ Northern Tigersတပ်ဖွဲ့၊ ရွှေဘိုမြို့နယ်ပကဖ တိုက်ခိုက်ရေးအဖွဲ့ PDOနှင့် တိုက်နယ် ၅ ပကဖ (Fixed Wings Drone )တပ်ဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDFရဲဘော်များ အထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။

ရဲများ ဒဏ်ရာရမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။

စာတည်း-ML