AFP
ပါကစ္စတန်နှင့် အာဖဂန်နစ္စတန်တို့အကြား အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ပျက်ပြားပြီးနောက် ဒီဇင်ဘာ ၅ ရက်ညပိုင်းက နယ်စပ်တစ်လျှောက် လက်နက်ကြီးများဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ကြကြောင်း နှစ်နိုင်ငံစလုံးမှ အရာရှိများက ပြောသည်။
အာဖဂန်အရာရှိတစ်ဦးက အောက်တိုဘာလက ဖြစ်ပွားခဲ့သော သေဆုံးမှုများရှိသည့် တိုက်ပွဲများနောက်ပိုင်း နောက်ဆုံးပေါ်ပေါက်ခဲ့သည့် တင်းမာမှုတွင်၊ ပါကစ္စတန်-အာဖဂန်နစ္စတန် နယ်စပ်ဖြတ်ကျော်ဂိတ် အဓိကနေရာတစ်ခု၌ တစ်ညတာ ပစ်ခတ်မှုအပြန်အလှန်ကြောင့် အရပ်သား လေးဦး သေဆုံးခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက်တွင် ထုတ်ပြန်ထားသည်။
အာဖဂန်နစ္စတန်တောင်ပိုင်း စပင်ဘိုလ်ဒက်ခ်ခရိုင် အုပ်ချုပ်ရေးမှူး အဗ္ဗဒူလ် ကာရင် ဂျဟာဒ်က ဒဏ်ရာရသူ လေးဦးရှိကြောင်းလည်း AFP ကို ပြောကြားခဲ့သည်။
အောက်တိုဘာလက တိုက်ပွဲများ ဖြစ်ပွားပြီးနောက် အပစ်အခတ်ရပ်စဲရေးရှိသော်လည်း ချာမန်နှင့် စပင်ဘိုလ်ဒက်ခ်ကြား နယ်စပ်ဂိတ်တွင် တစ်ဖက်နှင့်တစ်ဖက်က “ပထမဆုံးစတင်ကျူးကျော်ခြင်း” ဟု အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
နယ်စပ်၏ အာဖဂန်ဘက်ခြမ်းရှိ ဒေသခံများက ပစ်ခတ်မှု အပြန်အလှန်သည် ည ၁၀ နာရီခွဲ (မြန်မာစံတော်ချိန် နံနက် ၄ နာရီခွဲ) ခန့်တွင် စတင်ခဲ့ပြီး နှစ်နာရီခန့် ကြာမြင့်ခဲ့ကြောင်း AFP ကို ပြောသည်။
ကန်ဒါဟာ သတင်းပြန်ကြားရေးဌာန အကြီးအကဲ အလီ မိုဟာမက် ဟက်ခ်မဲလ်က ပါကစ္စတန်တပ်ဖွဲ့များက “လက်နက်ငယ်နှင့် လက်နက်ကြီး” များဖြင့် တိုက်ခိုက်ခဲ့ပြီး မော်တာကျည်များက အရပ်သားနေအိမ်များကို ထိမှန်ခဲ့သည်ဟုဆိုသည်။
၂၀၂၁ ခုနှစ်တွင် တာလီဘန်အာဏာပိုင်များ ကဘူးလ်ကို ပြန်လည်ထိန်းချုပ်ပြီးနောက်ပိုင်း အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်တို့သည် ပိုမိုပြင်းထန်လာသော အငြင်းပွားမှုများဖြင့် ရင်ဆိုင်နေကြရသည်။
