စစ်တပ်က မိုးမိတ်၊ မိုးကုတ်မြို့များကို ရရှိပြီးနောက် အလယ်ပိုင်းဒေသများကို လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်

တရုတ်၏ ကြားဝင်မှုဖြင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) က မိုးမိတ်၊ မိုးကုတ်မြို့များကို လက်လွှတ်ခဲ့ရပြီးနောက် စစ်ကော်မရှင်က အလယ်ပိုင်းဒေသများကို လေကြောင်းတိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့များထံက သိရှိရသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်မှစ၍ တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းသည့် စစ်ကိုင်းနှင့် မကွေးတိုင်းတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းအသုံးပြု၍ ဖိအားပေး တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာခြင်း ဖြစ်သည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၄ ရက်တွင် စစ်ကော်မရှင်၏ တံတားဦးလေတပ်မှ တက်လာသည့် ဂျက်ဖိုက်တာ နှစ်စင်းက ကနီမြို့နယ်အနောက်မြောက်ခြမ်းရှိ၊ ထောက်ကြန့်ကုန်းကျေးရွာကို ရည်ရွယ်ချက်ရှိရှိ ခုနှစ်ကြိမ်ထပ်မနည်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား နှစ်ဦး သေဆုံးခဲ့ပြီး မော်တော်များလည်း မီးလောင်ပျက်စီးခဲ့သည်။

“မြေပြင်မှာ ဘာတိုက်ပွဲမှ မရှိဘူး။ ဂျက်ဖိုက်တာတွေ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ပစ်တာ။ မော်တော်ပေါ်က အလုပ်သမားနှစ်ဦးသေပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ အရင်ရက်တွေကလည်း တိုက်ပွဲမရှိဘဲ မင်းကင်းနယ်ထဲက ရွှေမျောတွေကို လေယာဥ်နဲ့ လာပစ်တယ်” ဟု ကနီမြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် ဝက်လက်မြို့နယ်၊ နတ်မှော်ဦးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ရာ အရပ်သား ငါးဦးသေဆုံးခဲ့သည့်အပြင်၊ ဒီဇင်ဘာ ၅ ရက်၊ နံနက် ၁ နာရီခန့်တွင်လည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကော်မရှင်က ရွှေဘိုမြို့နယ်ရှိ သစ်ချိုပင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခုနှစ်နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးခဲ့ကာ၊ ရှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

“ဒီရက်ပိုင်းထဲ အညာမှာ လေကြောင်းတိုက်ခိုက်မှုတွေ အရမ်းစိပ်လာတယ်။ ကနီ၊ ဘုတလင်၊ ခင်ဦး၊ ဒီပဲယင်း၊ ရွှေဘို၊ ဝက်လက်မြို့နယ်တွေပေါ့။ ထိခိုက်တာကလည်း အရပ်သားတွေများတယ်” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။

တရုတ်အစိုးရ၏ ဖိအားကြောင့် အညာဒေသဖိနှိပ်ခံရသည်မှာ ပထမအကြိမ်မဟုတ်ကြောင်း အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ဆိုသည်။

“တရုတ်ကြားဝင်တာတွေ၊ အစည်းအဝေးထိုင်ကြတာတွေဆိုရင် အပစ်ရပ်ပြီး မြို့တွေပြန်ပေးရတယ်။ အညာက တပ်တွေ အဖိခံရတယ်။ မြေပြင်က ဒေသခံပြည်သူတွေလည်း စစ်ကြောင်းထက် လေကြောင်းကနေ ဗုံးကြဲတာတွေ အများကြီး ကြုံတွေ့ရတယ်” ဟု ၄င်းက ဆိုသည်။

ထို့ပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင်လည်း မကွေးတိုင်း၊ ယောဒေသအတွင်းရှိ ကျောက်ထုအမြောက်တပ် (အမတ – ၃၆၈) ကို Mi – 17 နှစ်စင်းဖြင့် လက်နက်ခဲယမ်း၊ ရိက္ခာနှင့် လူအင်အားဖြည့်တင်းခဲ့သေးသည်။

“ကျောက်ထုလေယာဥ်ကွင်းထဲကို Mi – 17 နှစ်စင်း မဆင်းခင် ဂျက်ဖိုက်တာ နှစ်စင်းနဲ့ လုံခြုံရေးယူပေးတာ။ ဘေးပတ်ပတ်လည်ကိုလည်း ဗုံးအလုံးရေ ဆယ်လုံးဝန်းကျင်လောက် ကြဲချတယ်။ အင်အားဖြည့်တင်းထားတယ်ဆိုတော့ သတိတော့ ရှိရမှာပေါ့။ အမြောက်တပ်ထဲကနေ ဘေးရွာတွေကိုလည်း စစ်ကြောင်းထိုးနေတယ်။ ကျောက်ထုထဲမှာတော့ ခြောက်ကပ်နေတာပဲ။ ဆိုင်တွေလည်း အကုန်နီးပါးပိတ်ထားကြတယ်” ဟု ကျောက်ထုဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ယင်းအပြင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်တွင်လည်း မကွေးတိုင်း၊ ကျောမြို့နယ်ရှိ စစ်ကော်မရှင်၏ ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ – ၂၃) မှ ထွက်လာသည့် အင်အား ၁၀၀ ပါ စစ်ကော်မရှင်စစ်ကြောင်းမှာလည်း ရေမျက်နီစခန်းသို့ ရောက်ရှိရန် ကြိုးစားနေကြောင်း ဒေသခံများက ဆိုသည်။

မကွေးတိုင်း၊ ပေါက်မြို့နယ်အတွင်း၌လည်း ကပစ ၂၄ မှ ထွက်လာသည့် စစ်ကော်မရှင်စစ်ကြောင်းကြောင့် ကျောက်တံခါး၊ ကျောက်မဲတောင်၊ ထန်းပင်ချောင်၊ မျှားပိုင်း၊ တယ်ပင်၊ ယောကုန်း၊ နန်းစင်ကုန်းနှင့် ပလောင်းကျေးရွာအပါအဝင် ကျေးရွာ ၁၅ ရွာခန့်မှ ဒေသခံပြည်သူ ငါးထောင်ဝန်းကျင်မှာလည်း စစ်ရှောင်နေကြရသည်။

“စစ်ကြောင်းတွေက မြိုင်ရော၊ ပေါက်ရောမှာ တိုက်ပွဲတွေဖြစ်နေတယ်။ မြိုင်နယ်နဲ့ ပေါက်နယ်ကတော့ ဆက်တိုက်ကြဲနေတာပဲ။ ဒီညနေ(ဒီဇင်ဘာ ၅ ရက်) မှာကို မြိုင်အနောက်ခြမ်းကို ကြဲသွားတယ်။ နေ့တိုင်းကြီးကို ဗုံးကြဲနေတာ ရက်တော်တော် စိပ်လာပြီ” ဟု မြိုင်မြို့နယ်မြောက်ပိုင်း၌ နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။

အာဏာသိမ်းပြီးနောက် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ်ပေါင်း အကြိမ် ၄၂၀၀ ရှိပြီး သေဆုံးသူစုစုပေါင်း ၄၄၇၀ ဦးအနက် အသက် ၁၈ နှစ်အောက် ကလေးသူငယ် ၈၇၆ ဦးပါဝင်ကြောင်း အမျိုးသားညီညွှတ်ရေးအစိုးရ၏ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂ ရက်တွင် ထုတ်ပြန်ထားသည်။

စာတည်း-ကိုဆန်း