ရန်ကုန်တိုင်း ၊ လှည်းကူးမြို့နယ် ကြံ့ဖွံ့ပါတီရုံးကို ပြင်းအားမြင့်မိုင်း၂လုံးဖြင့် ဖောက်ခွဲတိုက် ခိုက်ခဲ့ကြောင်း Yangon Army (YA) မြို့ပြပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၆ ရက် ည ၇ နာရီ ၃၅ မိနစ်ဝန်းကျင်တွင် လှည်းကူးမြို့ ၊ သာသနာ့ရိပ်သာရပ်ကွက်ရှိ မြို့နယ်ကြံ့ဖွံ့ပါတီရုံးတွင် ပျူစောထီး ၇ ဦးခန့် အစောင့်အဖြစ် ရှိနေစဉ် ဖောက်ခွဲခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
” ၂ လုံး လုံးကွဲပါတယ်။ အစောင့် ပျူစောထီးတွေ ရှိပါတယ်။ လူထိခိုက်မှု၊ အဆောက်အအုံ ထိခိုက်မှု ရှိနိုင်ပါတယ်။ မိုင်းကပြင်းပါတယ်။ ကွဲတဲ့အချိန်က မီးခိုးလုံးတွေနဲ့သေချာမမြင်လိုက်ရဘူး။ ထိဖို့တော့ရာခိုင်နှုန်းများတယ်”ဟု Yangon Army မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းကြံ့ဖွံ့ရုံးသည် သာသနာ့ရိပ်သာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီးတွင် တည်ရှိကြောင်း သိရသည်။
“အနားမှာ တခြား ပါတီရုံးအသေးလေးတွေတော့ရှိတယ်။ ရပ်ကွက်အုပ်ကြီးရုံးနဲ့ နီးတယ်။ မိုင်းကွဲ ပြီးတော့ ပျူတွေ ဘေးတွဲတွေနဲ့ရှုပ်နေတာမျိုး ရှိတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
ယနေ့(ဒီဇင်ဘာ ၇ ရက်) နံနက်တွင် ဖောက်ခွဲခံရသည့် ကြံ့ဖွံ့ရုံးအနီးဝန်းကျင်ရှိ အခြေအနေကို မသိရသေးကြောင်း ၎င်းက ဆိုသည်။
ယင်းတိုက်ခိုက်မှုကို Yangon Army(YA)နှင့် ရန်ကုန် အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာ ၁၈ ရက်ကလည်း လှည်းကူးမြို့နယ် ၊ ဇရပ်ကွင်းရပ်ကွက်ရှိ အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်း ၂ လုံးဖြင့် ဖောက်ခွဲခဲ့ရာ အုပ်ကြီးနောက်လိုက် ပျူနှစ်ဦးအား ထိမှန်ခဲ့ကြောင်း Yangon Armyက ထုတ်ပြန်ထားသည်။
စာတည်း-ML
