သထုံတွင် ကြံ့ဖွံ့ပါတီ မဲဆွယ်ဆိုင်းဘုတ်ထောင်ကာ ဓာတ်ပုံရိုက်ပြီး ပြန်ဖြုတ်သိမ်း

မွန်ပြည်နယ်၊သထုံမြို့နယ်အတွင်းရှိ တော်လှန်ရေးစိုးမိုးနယ်မြေတွင် ကြံ့ဖွံ့ပါတီက ရွေးကောက်ပွဲမဲ ဆွယ်ဆိုင်းဘုတ်များထောင်ကာ ဓာတ်ပုံရိုက်ပြီး ပြန်ဖြုတ်သိမ်းသွားကြောင်း သိရသည်။

ဒီဇင်ဘာ၆ရက်တွင် သထုံမြို့နယ်၊ကြာပန်းရွာ၊တာယာစက်ရုံရှေ့တွင် ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေးမဲဆွယ်ဆိုင်းဘုတ်ထောင်ပြီးနောက် ဓာတ်ပုံရိုက်ကာ ယင်းနေ့မှာပင် ဆိုင်းဘုတ်ပြန် ဖြုတ်သွားကြောင်း သထုံမြို့ပြအထူးပြောက်ကျားအဖွဲ့တာဝန်ခံ ရဲဘော်သုညထံက သိရသည်။

“အထက်က အဘတွေဆီက ဘတ်ဂျက်တင်လို့ကောင်းအောင် လုပ်တာလား။ဒီလို တော်လှန်ရေးစိုး မိုးနယ်မြေမှာတောင် ကျနော်တို့ မဲဆွယ်ဆိုင်းဘုတ်ထောင်ထားတယ်ဆိုပြီး ဓာတ်ပုံရိုက်ပြီး အလုပ် လုပ်ပြတာလားတော့ မသိဘူး”ဟုရဲဘော်သုညက MPAသို့ပြောသည်။

ဒီဇင်ဘာ၄ရက်ကလည်း သထုံမြို့နယ်၊ပိန္နဲတောကျေးရွာအုပ်စု၊အလယ်ရွာတွင်လည်း အထက်ပါအ တိုင်း ဆိုင်းဘုတ်တင် ဓာတ်ပုံရိုက်ကာ ပြန်ဖြုတ်သိမ်းသွားကြောင်း သိရသည်။

“ကြာပန်းရော၊ပိန္နဲတောရောက တော်လှန်ရေးစိုးမိုးနယ်မြေပါ။ပိန္နဲတောမှာဆိုရင် စစ်သား၁၀၀ လောက်ရှိတဲ့ ရှေ့တန်းတပ်စခန်းရှိတယ်။အဲဒီတပ်နားမှာ ဆိုင်းဘုတ်တင်ပြီး ပြန်ဖြုတ်သိမ်းသွားတာ” ဟု ၎င်းက ဆက်လက်ပြောသည်။

ပိန္နဲတောရွာသည် ကျိုက္ကော်-လေးကေကားလမ်းမဘေးတွင် တည်ရှိပြီး ကြံ့ဖွံ့အမာခံအင်အားများ သည့်ရွာဖြစ်ကြောင်း သိရသည်။

“သထုံမြို့ပေါ်မှာကတော့ မြို့လယ်ခေါင်က မင်းလမ်းဘေးပေါ့။အပေါ်ဈေးအရှေ့မှာ ကြံ့ဖွံ့ဆိုင်းဘုတ် တင်ထားတာ တွေ့တယ်။ဒါပေမဲ့၊မြို့ပေါ်မှာ ဘယ်ပါတီမှ စည်းရုံးဆင်းတာတွေ လုံးဝမတွေ့ရဘူး”ဟု သထုံမြို့၊ နန်းခဲရပ်ကွက်နေ အိမ်ထောင်ရှင်မတစ်ဦးက ပြောသည်။

PDF တို့က ကြိမ်းမောင်းထားသဖြင့် သထုံမြို့တွင် တရားမဝင်ရွေးကောက်ပွဲဝင်မည့်ပါတီများ မဲဆွယ် စည်းရုံးရေးမလုပ်ကြခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က MPAသို့ ပြောကြားထားသည်။

သထုံမြို့နယ်၊ကျိုက္ကော်မြို့ပေါ် မော်လမြိုင်-ရန်ကုန်ကားလမ်းဘေးတွင်လည်း ကြံ့ဖွံ့မဲဆွယ်ဆိုင်း ဘုတ်ထောင်ထားကြောင်း သိရသည်။

တရားမဝင်ရွေးကောက်ပွဲအပိုင်း၁ကို မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ကျိုက်မရော၊ချောင်းဆုံ၊မော်လ မြိုင်နှင့်သထုံမြို့နယ်တို့တွင် ဒီဇင်ဘာ၂၈ရက်၌ ပြုလုပ်သွားမည်ဟု သိရသည်။

စာတည်း-ML