အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းသည် စစ်ကော်မရှင်လက်အောက်ခံ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဒေသ၌ တစ်ပတ်ကျော်ကြာပျောက်ဆုံးနေသဖြင့် တာဝန်မှ ယာယီရပ်ဆိုင်းထားကြောင်း ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၏ အရေးပေါ်လျှို့ဝှက် သတိပေးစာအရသိရသည်။
အမြဲတမ်းအတွင်းဝန် ဦးကွန်မင်းသည် ခရီးသွားလာနေစဉ်အတွင်း တစ်ပတ်ကျော်ကြာ အဆက်အသွယ်ပြတ်နေသဖြင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနက NUG ထိပ်ပိုင်းခေါင်းဆောင်များနှင့် တိုင်းခရိုင် မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့များအားလုံးကို ယမန်နေ့( ဒီဇင်ဘာ ၇ ရက်နေ့)က အရေးပေါ်သတိပေးစာပို့ထားကြောင်း သိရသည်။
” ကိုကွန်မင်းက ပျောက်နေတာတစ်ပတ်လောက်ရှိပြီ လူကြီးတွေအကုန် အရေးပေါ်သတိပေးစာတွေထုတ်တယ်။ သူပါတဲ့ စင်ဂနယ်ဂရုတွေကထုတ်နဲ့ နောက်ဆုံး လျှို့ဝှက်အရေးပေါ်စာထုတ်ပြီး အသိပေးတဲ့အထိရောက်ကုန်တယ် “ဟု NUG အစိုးရရုံးနှင့် နီးသူတစ်ဦးက ပြောသည်။
ဦးကွန်မင်းသည် ဒီဇင်ဘာလဆန်းပိုင်းက ထိုင်း – မြန်မာနယ်စပ်သို့အသွား ရှမ်းမြောက်နှင့် ရှမ်းတောင်နယ်စပ်ရှိ PNO စစ်ဆေးရေးဂိတ်တစ်ခု၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဖြစ်စဉ်ကို သိရှိသည့် မြေပြင် တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
” တကယ်တမ်းသာ ပြည်ထဲရေးအတွင်းဝန်က အဖမ်းခံရပြီး တစ်ပတ်ကြာမှသိတယ်ဆိုရင် NUG အစိုးရအဖွဲ့တစ်ဖွဲ့လုံး အစိုးရကို လုပ်မနေသင့်တော့ဘူး။ တော်လှန်ရေးအရင်းမြစ်တွေရဲ့ လုံခြုံရေးက အထူးစိုးရိမ်ရတယ် “ဟု မြေပြင်တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။
ဦးကွန်မင်းသည် မြေပြင်တပ်ရင်းတပ်ဖွဲ့များ၊ NUG ပြည်ထဲရေး နှင့် ကာကွယ်ရေးဝန်ကြီးဌာနများအကြားတွင် အဓိက ပေါင်းကူးပေးသူတစ်ဦးဖြစ်သည်။
ထို့ပြင် ဦးကွန်မင်းသည် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ အတွင်းဝန်ဖြစ်သည့်အပြင် ပအဖအဖွဲ့အားလုံး၏ ခေါင်းဆောင်တစ်ဦးလည်းဖြစ်သည့်အတွက် ၎င်း ဖမ်းဆီးခံရမှုသည် မှန်ကန်ပါက သတင်းအချက်အလက်များ ပေါက်ကြား နိုင်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။
လက်ရှိတွင် ဦးကွန်မင်းကို NUG ဘက်ကရာထူးအားလုံးမှ ယာယီရပ်ဆိုင်းလိုက်ပြီး ၎င်းနှင့် အဆက်အသွယ် ဖြတ်တောက်ထားရန် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ညွှန်ကြားထားသည်။
စာတည်း-ကိုဆန်း
