တရုတ်တိုက်လေယာဉ်များက ဂျပန်စစ်ဘက်လေယာဉ်များထံသို့ ရေဒါဖြင့်ချိန်ရွယ်ခဲ့သည်ဟု ဂျပန်အစိုးရက ပြောကြားပြီးနောက် ဂျပန်သည် တရုတ်ကို စစ်ရေးအရ ခြိမ်းခြောက်နေခြင်းဖြစ်ပြီး၊ ယင်းအခြေအနေသည် “လုံးဝလက်ခံနိုင်စရာမရှိ” ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဂျာမန်နိုင်ငံခြားရေးဝန်ကြီးအား ပြောကြားလိုက်သည်။
တရုတ်၏ အဆိုပါ လုပ်ရပ်သည် အန္တရာယ်ရှိသော လုပ်ရပ်အဖြစ် ပြစ်တင်ရှုတ်ချခဲ့သော်လည်း တရုတ်ကမူ Miyako ရေလက်ကြား အရှေ့ဘက်တွင် တရုတ်ရေတပ်က ကြိုတင်ကြေညာထားသည့် လေယာဉ်တင်သင်္ဘောအခြေပြု ပျံသန်းမှုလေ့ကျင့်ရေးများ ပြုလုပ်နေချိန်၌ ဂျပန်က လေယာဉ်များ စေလွှတ်ကာ တရုတ်ရေတပ်ကို အကြိမ်ကြိမ် ချဉ်းကပ်နှောင့်ယှက်ခဲ့ခြင်းကြောင့် ဂျပန်ကို ပြန်လည်အပြစ်တင်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် တာကာအိချိ ဆာနာအဲ က တရုတ်၏ မည်သည့်စစ်ရေးလှုပ်ရှားမှုမဆို ဂျပန်၏လုံခြုံရေးကို ခြိမ်းခြောက်ပါက ဂျပန်သည် ထိုင်ဝမ်ကို ကာကွယ်ရန် စစ်ရေးအရ တုံ့ပြန်နိုင်ကြောင်း သတိပေးခဲ့ပြီးနောက် လွန်ခဲ့သောလကပင် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတင်းမာလာခဲ့သည်။
ဒီဇင်ဘာလ ၈ ရက်နေ့က ဘေဂျင်း၌ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ဂျိုဟန် ဝါဒီဖူလ် နှင့် တွေ့ဆုံစဉ် ဝမ်ယိက ယခုနှစ်သည် ဒုတိယကမ္ဘာစစ် ပြီးဆုံးခြင်း နှစ် ၈၀ ပြည့် အထိမ်းအမှတ်နှစ်ဖြစ်သည့်အတွက် “စစ်ရှုံးနိုင်ငံတစ်နိုင်ငံအနေဖြင့်” ဂျပန်အနေဖြင့် ပိုမိုသတိထား ဆောင်ရွက်သင့်သည်ဟု ပြောကြားခဲ့သည်။
“ဒါပေမဲ့ အခုတော့၊ သူ့ရဲ့ လက်ရှိခေါင်းဆောင်ဟာ ထိုင်ဝမ်ကိစ္စမှာ ဂျပန်က နှစ်ပေါင်းငါးဆယ် ကိုလိုနီပြုခဲ့ပြီး တရုတ်ပြည်သူတွေအပေါ် ရေတွက်လို့မရတဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့ နယ်မြေကို အခွင့်ကောင်းယူပြီး ပြဿနာတွေ ဖန်တီးကာ တရုတ်ကို စစ်ရေးအရ ခြိမ်းခြောက်ဖို့ ကြိုးစားနေပါတယ်။ ဒီအချက်ကို လုံးဝလက်ခံနိုင်စရာ မရှိပါဘူး” ဟု ဝမ်ယိ၏ ပြောကြားချက်ကို ဆင်ဟွာသတင်းဌာနက ပြောကြားသည်။
ဝမ်က ဂျပန်၏ “လက်ရှိခေါင်းဆောင်သည် မကြာသေးမီက ထိုင်ဝမ်အပေါ် စိတ်ကူးယဉ် အခြေအနေများအပေါ် မဆင်မခြင် မှတ်ချက်များ ပေးခဲ့သည်” ဟု ပြောကြားခဲ့သည်။
ထိုင်ဝမ်၏ တရုတ်ပိုင်နက်အဖြစ် အခြေအနေကို “သမိုင်းဝင်နှင့် ဥပဒေရေးရာ အခိုင်အမာ အချက်အလက်များစွာဖြင့် မငြင်းနိုင်ဘဲ ပြန်လှန်မရနိုင်အောင် အတည်ပြုထားပြီးဖြစ်သည်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
တရုတ်အစိုးရ၏ နယ်မြေပိုင်ဆိုင်မှု တောင်းဆိုချက်များကို ပယ်ချသည့် ထိုင်ဝမ်အစိုးရက တရုတ် နိုင်ငံသည် ၁၉၄၅ ခုနှစ်တွင် တည်ရှိခဲ့ခြင်းမရှိသည့်အပြင် ထိုင်ဝမ်ကို မည်သည့်အခါမျှ အုပ်ချုပ်ခဲ့ခြင်း မရှိကြောင်း ပြောဆိုကာ တရုတ်ကို သမိုင်းကို မှားယွင်းဖော်ပြသည်ဟု အကြိမ်ကြိမ် စွပ်စွဲခဲ့သည်။
