Reuters
တရုတ်နှင့် ရုရှားလေယာဉ်များက ဂျပန်နှင့် တောင်ကိုရီးယားပတ်ဝန်းကျင် ပင်လယ်ပြင်အထက်တွင် လေ့ကျင့်မှုများ ပြုလုပ်ပြီးနောက် အမေရိကန်၏ နျူကလီးယားလက်နက် တပ်ဆင်နိုင်သော ဗုံးကြဲလေယာဉ်နှစ်စင်းသည် ဒီဇင်ဘာ ၁၀ ရက်က ဂျပန်တိုက်လေယာဉ်များနှင့်အတူ ဂျပန်ပင်လယ်ပြင်ပေါ်တွင် ပျံသန်းခဲ့ကြောင်း ဂျပန်အစိုးရက ပြောကြားသည်။
အင်အားသုံး၍ လက်ရှိအခြေအနေကို တစ်ဖက်သတ်ပြောင်းလဲရန် ကြိုးပမ်းမှုမှန်သမျှကို တားဆီးရန်အတွက် ဂျပန်နှင့် အမေရိကန်တို့က ၎င်းတို့၏ ခိုင်မာသော ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့များ (SDF) နှင့် အမေရိကန်တပ်ဖွဲ့နှစ်ခုစလုံး၏ အသင့်အနေအထားကိုလည်း အတည်ပြု သည် ဟု ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဒီဇင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်၏ B-52 ဗျူဟာမြောက်ဗုံးကြဲလေယာဉ်နှစ်စင်း၊ ဂျပန်၏ F-35 ရေဒါရှောင်တိုက်လေယာဉ်သုံးစင်းနှင့် F-15 တိုက်လေယာဉ်သုံးစင်း ပူးတွဲပျံသန်းမှုသည် ပြီးခဲ့သည့်အပတ်က တရုတ်နိုင်ငံမှ စစ်ရေးလေ့ကျင့်မှုများ စတင်ပြုလုပ်ပြီးနောက်ပိုင်း အမေရိကန်က ၎င်း၏စစ်ရေးအရ အင်အားကို ပထမဆုံးအကြိမ် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။
ဒီဇင်ဘာ ၉ ရက်နေ့ကလည်း အရှေ့တရုတ်ပင်လယ်ပြင်နှင့် အနောက်ပစိဖိတ်သမုဒ္ဒရာတို့တွင် တရုတ်နှင့် ရုရှား ဗျူဟာမြောက်ဗုံးကြဲလေယာဉ်များ ပူးတွဲပျံသန်းမှုနှင့် တရုတ်လေယာဉ်တင်သင်္ဘော လေ့ကျင့်မှုများလုပ်ဆောင်ခဲ့သည်။
ထိုတရုတ်လေ့ကျင့်မှုများကြောင့် ဂျပန်က ဂျက်လေယာဉ်များ လွှတ်တင်ခဲ့ရာ ၎င်းဂျက်လေယာဉ်များကို ရေဒါဖြင့် ပစ်မှတ်ထားခဲ့သည်ဟု ဂျပန်က ပြောကြားခဲ့သည်။
တရုတ်ကမူ လေယာဉ်တင်သင်္ဘောနှင့်ပတ်သက်၍ ဂျပန်၏စွပ်စွဲချက်ကို ငြင်းဆိုခဲ့ပြီး ဂျပန်ဂျက်လေယာဉ်များက ဂျပန်တောင်ပိုင်းရှိ ၎င်းတို့၏ လေကြောင်းစစ်ဆင်ရေးများကို အန္တရာယ်ဖြစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
ယင်းဖြစ်ရပ်ကို အမေရိကန်က ဝေဖန်ခဲ့ပြီး “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် အထောက်အကူမပြု” ကြောင်း ပြောကြားခဲ့ကာ ဂျပန်နှင့် မဟာမိတ်ဖွဲ့မှုသည် “ အခိုင်အမာ ဆက်လက်ရှိနေမည်ဟု ပြောဆိုခဲ့သည်။
ဂျပန်နှင့် တောင်ကိုရီးယားနှစ်နိုင်ငံစလုံးတွင် အမေရိကန်တပ်ဖွဲ့များကို လက်ခံထားရှိပြီး ဂျပန်နိုင်ငံသည် အမေရိကန်၏ စစ်ရေးအင်အား အများဆုံး စုစည်းရာနေရာဖြစ်သလို လေယာဉ်တင်သင်္ဘော တိုက်ခိုက်ရေးအဖွဲ့နှင့် အမေရိကန် မရိန်းတပ်ဖွဲ့များလည်း တပ်စွဲထားသည်။
ဂျပန် ပူးတွဲစစ်ဦးစီးချုပ် ဗိုလ်ချုပ် ဟီရိုအာကီ အူချီကူရာက တရုတ်နှင့် ရုရှားတို့၏ ပူးတွဲဗုံးကြဲလေယာဉ်ပျံသန်းမှုသည် ဂျပန်ကို ဦးတည်သည့် အင်အားပြသမှုတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
“ဂျပန်ရဲ့ လုံခြုံရေးရှုထောင့်ကနေကြည့်ရင် ဒါကို ပြင်းထန်တဲ့ စိုးရိမ်ပူပန်စရာအဖြစ် ကျွန်တော်တို့ မှတ်ယူပါတယ်” ဟု နိုင်ငံ၏ အမြင့်ဆုံး စစ်ဘက်အရာရှိဖြစ်သည့် အူချီကူရာက ပုံမှန်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိကလည်း ဒီဇင်ဘာ ၉ ရက်က မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) အကြီးအကဲ မာ့ခ် ရူတေးနှင့် ဖုန်းပြောဆိုခဲ့ရာတွင် တရုတ်နှင့် ရုရှားလေယာဉ်များနှင့်ပတ်သက်၍ ဂျပန်၏ စိုးရိမ်ပူပန်မှုများကို ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဂေါင် ကျီအာကွန်က ရုရှားနှင့် ပူးတွဲလေ့ကျင့်မှုများသည် နှစ်နိုင်ငံ၏ နှစ်စဉ်ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး နှစ်ဖက်စလုံး၏ “ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းကာကွယ်ရန်” ဆုံးဖြတ်ချက်ကို ပြသနေကြောင်း ပြောကြားခဲ့သည်။
“ဂျပန်ဘက်က ဘာမဟုတ်တာကို အဓိကရုဏ်းဖြစ်အောင် လုပ်ဖို့ ဒါမှမဟုတ် ဒီကိစ္စကို ကိုယ်ရေးကိုယ်တာသဘောမျိုး ယူဆဖို့ လိုအပ်ချက်မရှိပါဘူး” ဟု ၎င်းကဆိုသည်။
တောင်ကိုရီးယားစစ်တပ်ကလည်း တရုတ်နှင့် ရုရှားလေယာဉ်များ ဒီဇင်ဘာ၉ ရက်က ၎င်း၏ လေကြောင်းကာကွယ်ရေး သတ်မှတ်ဇုန်အတွင်းသို့ ဝင်ရောက်ခဲ့သည့်အခါ တိုက်လေယာဉ်များ လွှတ်တင်ခဲ့ကြောင်း ပြောကြားခဲ့သည်။
အဆိုပါဇုန်သည် ၎င်း၏လေပိုင်နက်ထက် ကျော်လွန်ပြီး အစောပိုင်းသတိပေးချက်များအတွက် အသုံးပြုသည့် ဧရိယာဖြစ်သည်။
တရုတ်စစ်သင်္ဘောများနှင့် လေယာဉ်များသည် ထိုင်ဝမ်ပတ်ဝန်းကျင်တွင် နေ့စဉ်နီးပါး လှုပ်ရှားနေပြီး ယင်းကို တရုတ်ကွန်မြူနစ်ပါတီ၏ ဖိအားပေး လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် ထိုင်ဝမ်က ပြောဆိုသည်။
ဒီဇင်ဘာ ၁၁ ရက်တွင် ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက တရုတ်စစ်တပ်၏ လှုပ်ရှားမှုများ တစ်ရက်ဆက်တိုက် တိုးမြှင့်လာကြောင်း အစီရင်ခံခဲ့သည်။
၎င်းတို့သည် နျူကလီးယားစွမ်းရည်ရှိ H-6K ဗုံးကြဲလေယာဉ်များ အပါအဝင် လေယာဉ် ၂၇ စင်းကို “ပူးတွဲတိုက်ခိုက်ရေး အသင့်ပြင် လှည့်ကင်း” လုပ်ဆောင်နေသည်ကို စစ်သင်္ဘောများနှင့်အတူ ကျွန်းပတ်ပတ်လည်တွင် တွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။
