စစ်ကော်မရှင်ရွေးကောက်ပွဲကို တောင်ကိုရီးယား ရှုတ်ချရန်နှင့် မြန်မာပြည်သူလက်ထဲသို့ စာနာမှု အကူအညီ တိုက်ရိုက်ပေးရန် NUGဝန်ကြီး တောင်းဆို

စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို တောင်ကိုရီးယားအစိုးရအနေနှင့် အများပြည် သူရှေ့ မှောက်တွင် ရှုတ်ချရန် NUGနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က တောင်းဆိုလိုက်သည်။

ဒီဇင်ဘာ၁၁ရက်၊မွန်းလွဲတစ်နာရီတွင် တောင်ကိုရီးယားအမျိုးသားလွှတ်တော် မီဒီယာခန်းမ၌ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာ ဒေါ်ဇင်မာအောင်က အထက်ပါအတိုင်းအတိုင်း တောင်းဆိုခဲ့သလို အတုအယောင်ရွေးကောင်ပွဲမှတစ်ဆင့် ဖွဲ့စည်းမည့် မည်သည့်အစိုးရကိုမျှ အသိအမှတ်မပြုရန်နှင့် ယုံကြည်စိတ်ချရသော တိုင်းရင်းသားနှင့် လူထုအခြေပြု ကွန်ရက်များမှတစ်ဆင့် နယ်စပ်ဖြတ်ကျော် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ချဲ့ထွင်ပေးရန်လည်း တောင်းဆိုခဲ့သည်။

“ဒီအပေါ်မှာ တောင်ကိုရီးယားအစိုးရအနေနဲ့ ဘယ်အတိုင်းအတာထိအောင် လိုက်လျောပြီးတော့ ဆောင်ရွက်ပေးနိုင်မလဲဆိုတာကတော့ တချို့အချက်အလက်တွေက အကန့်အသတ်ရှိကောင်း ရှိနိုင် တယ်။ဒါပေမဲ့ အတတ်နိုင်ဆုံး သူတို့ဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်တယ်”ဟု မြန်မာ့ဖက်ဒရယ် ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ် MFDMC အတွင်းရေးမှူး ဦးကျော်ဆန်းက MPAသို့ပြော သည်။

ထို့အပြင် မြန်မာနှင့်ဆက်စပ်သော ဆိုက်ဘာရာဇဝတ်မှုကို ကိုရီးယားနိုင်ငံ၏ အမျိုးသားလုံခြုံရေး ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဦးစားပေးအရေးယူပြီး စုံစမ်းစစ်ဆေးမှုနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ တွင် ပူးပေါင်းဆောင်ရွက်မှု အားကောင်းလာစေရန်။စစ်တပ်နှင့်ဆက်စပ်သော ငွေကြေးကွန်ရက်များ၊ ဆိုက်ဘာရာဇဝတ်မှုလုပ်ငန်းရှင်များနှင့် လူကုန်ကူးမှုကွန်ရက်များအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှုများ ကျင့်သုံးပြီး ယင်းလုပ်ဆောင်ချက်များကို ဆန့်ကျင်သည့် ဒေသဆိုင်ရာ လုပ်ဆောင်ချက်များကို ဦးဆောင်ရန်နှင့်အမျိုးသားညီညွတ်ရေးအစိုးရနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံမှုကို ဖွဲ့စည်းပုံကျသော ဆွေးနွေးပွဲများနှင့် နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် နက်ရှိုင်းစေရန်လည်း ဒေါ်ဇင်မာအောင်က တောင်းဆိုခဲ့ကြောင်း ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာNUGကိုယ်စားလှယ်ရုံးက ယနေ့(ဒီဇင်ဘာ၁၂ရက်)ထုတ်ပြန်သည်။

NUGနိုင်ငံခြားရေးဝန်ကြီးအနေနှင့် ကိုရီးယားအမျိုးသားလွှတ်တော်ထဲတွင် တောင်ကိုရီးယားလွှတ် တော်အမတ်များနှင့် မြန်မာ့အရေးတွေ့ဆုံဆွေးနွေးခြင်းနှင့် လွှတ်တော်တွင်း သတင်းစာရှင်းလင်း ပွဲ ကျင်းပခြင်းတို့ကို တိုးတက်မှုတစ်ခုဟု ရှုမြင်ကြောင်း ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလှုပ် ရှားမှုကော်မတီဝင်လည်းဖြစ်သူ ဦးကျော်ဆန်းက ပြောသည်။

“နောက်ထပ်၊နောက်ထပ်အနေနဲ့ ကျနော်တို့ နယ်စပ်ဖြတ်ကျော်ပြီးတော့ လူသားချင်းစာနာမှုဆိုင် ရာ အကူအညီပေးတဲ့ ကိစ္စမျိုးတွေ၊ မြန်မာ့အရေး ကူညီပံ့ပိုးတဲ့ကိစ္စတွေ၊ ပြီးတော့ တောင်ကိုရီးယားအစိုး ရအနေနဲ့ မြန်မာ့အရေး ထဲထဲဝင်ဝင် ဖြစ်လာဖို့အတွက် လွှတ်တော်ကနေမှတစ်ဆင့် တိုက်တွန်းတဲ့ကိ စ္စတွေက ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ပါတယ်။ဘယ်အတိုင်းအတာအထိလဲဆိုတာတော့ ကျနော်တို့ တိတိကျကျပြောဖို့တော့ ခက်ခဲပေမဲ့လည်း ဖွံ့ဖြိုးတိုးတက်မှု ရှိလိမ့်မယ်။အရင်ထက်ပိုပြီးတော့ ဒီမိုက ရေစီအင်အားစုတွေအတွက် ဖွံ့ဖြိုးတိုးတက်မှုတွေ၊ ပိုပြီးတော့ ခိုင်မာအားကောင်းမှုတွေ၊ထောက်ခံ အားပေးမှုတွေ ပိုပြီးတော့ ဖြစ်လာလိမ့်မယ်လို့ သုံးသပ်ချင်ပါတယ်”ဟု ဦးကျော်ဆန်းက ဆက်လက် ပြောသည်။

ဒီဇင်ဘာ၁၁ရက်၊မွန်းလွဲ၂နာရီခန့်တွင် ကိုရီးယားအမျိုးသားလွှတ်တော်၌ ဒေါ်ဇင်မာအောင်နှင့် တောင်ကိုရီးယားအမတ်တို့ မြန်မာ့အရေး ဆွေးနွေးခဲ့ကြရာ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ NUG ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် တော်လှန်ရေးအင်အားစုများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြသည်။

စာတည်း-ML