ရန်ကုန်တွင် လူငယ်ချင်း သာမန်ရန်ဖြစ်ခြင်းကြောင့်ပင် စစ်မှုထမ်းထဲ သွတ်သွင်းခံနေရဟုဆို

ရန်ကုန်တွင် လူငယ်ချင်း တုတ်၊လက်နက်မပါဘဲ ရန်ဖြစ်ခြင်းကြောင့်ပင် စစ်မှုထမ်းထဲသို့ အဓမ္မ ပို့ ဆောင်ခံနေရကြောင်း သိရသည်။

ရန်ကုန်မြို့၊ဆင်ခြေဖုံးမြို့နယ်အချို့ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးများသည် လူငယ်ချင်း သာမန်ရန်ဖြစ် ခြင်းနှင့် မူးယစ်ရမ်းကားခြင်းကိုပင် ခြိမ်းခြောက်ငွေတောင်းရမ်းကြပြီး ငွေမပေးနိုင်ပါက စစ်မှုထမ်း ထဲသို့ ပို့ဆောင်နေကြောင်း ရန်ကုန်မြို့ရဲသတင်းရင်းမြစ်ထံက သိရသည်။

“မြို့တွင်းပိုင်းဘက်တော့ မကြားမိဘူး။များသောအားဖြင့် မြို့စွန်တွေနဲ့ ဆင်ခြေဖုံးမြို့နယ်တွေမှာ အုပ် ကြီးတွေ လုပ်စားကြတယ်။ရန်ဖြစ်တာကို ၁၀သိန်း၊၁၅သိန်းတောင်းတယ်။ပိုက်ဆံပေးမလား၊စစ်မှု ထမ်းသွားမလား ပေါ်တင်မေးပြီး လုပ်တာ”ဟု ၎င်းက MPAသို့ပြောသည်။

ရန်ကုန်မြို့ရှိ ရပ်ကွက်ရုံးအချို့တွင် အချုပ်ခန်းများပြုလုပ်ထားပြီး ရပ်ကွက်အတွင်းဖြစ်ပွားသည့် သာမန်အမှုအခင်းများနှင့် စစ်မှုထမ်းအတွက် ဖမ်းဆီးထားသူများကို ယင်းအချုပ်ခန်းများ၌သာ ယာယီထားကာ ဘုရင့်နောင်စစ်ကြောရေး(လှိုင်မြို့နယ်၊ဘုရင့်နောင်လမ်းမပေါ်ရှိ အမှတ်၁ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း)သို့ပို့ဆောင်ကြကြောင်း သိရသည်။

“ရဲလက်အပ်ရင် ရဲတွေက စားမှာ(လာဘ်စား)ဆိုတော့ ရဲလက်မအပ်ဘဲ ကိုယ့်ဘာသာစားတာ။ စစ်မှု ထမ်းထဲပို့ရင် တစ်ယောက်ကို ၁၀သိန်း၊၁၅သိန်းရတော့ အုပ်ကြီးတွေက ကိုယ့်ဘာသာ စစ်တပ်နဲ့ချိတ် ပြီး ပို့တာ”ဟု ၎င်းက ဆက်လက်ပြောသည်။

လှိုင်မြို့နယ်အတွင်းရှိ အုပ်ချုပ်ရေးမှူးအများစုသည် ရပ်ကွက်အတွင်းရှိ လူစည်ကားရာနေရာတိုင်း၌ ၎င်းတို့၏ သတင်းပေးများ ထားရှိကြောင်း လှိုင်မြို့နယ်စစ်ကော်မရှင်အုပ်ချုပ်ရေးနှင့် နီးစပ်သူတစ်ဦး ကဆိုသည်။

“ဆိုက်ကားဂိတ်တွေ၊ဘေးတွဲတွေမှာ အုပ်ကြီးဒလန်တွေရှိတယ်။တစ်ခုခုဖြစ်တာနဲ့ ချက်ချင်းကိုင် တွယ်နိုင်အောင်ပေါ့။ပြီးခဲ့တဲ့လက ဘာတာ(လှိုင်မြို့နယ်၊ဘာတာ)ထဲမှာ ရန်ဖြစ်ကြတာ တစ်ယောက် က၁၀သိန်း၊နောက်တစ်ယောက်က ၁၅သိန်းပေးလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

စစ်မှုထမ်းသင်တန်းသားများကို လူဦးရေ မကန့်သတ်ဘဲ လက်ခံနေသည်ဟုထင်ကြောင်းလည်း ရဲသတင်းရင်းမြစ်က ဆိုသည်။
စစ်တပ်သည် လစဉ် စစ်မှုထမ်းသင်တန်းသားများကို သတ်မှတ်အရေအတွက်ထက် ကျော်လွန်အောင် နည်းလမ်းပေါင်းစုံဖြင့် စုဆောင်းနေသလို စစ်မှုထမ်းသင်တန်းကျောင်းများကိုလည်း ယခင်က ၁၅ခု ဖွင့်လှစ်ခဲ့ရာမှ ၂၇ခုအထိ တိုးမြှင့်ဖွင့်လှစ်ထားကြောင်း နိုဝင်ဘာလအတွင်း MDSI ကထုတ်ပြန်သည့် ‘ပြည်သူ့စစ်မှုထမ်းဥပဒေ ဖော်ဆောင်သက်ရောက်မှု လေ့လာဆန်းစစ်ချက်’အစီရင်ခံစာ၌ ဖော်ပြထား သည်။

ရန်ကုန်တွင် ဒီဇင်ဘာပထမပတ်အတွင်း လမ်းဘေး၌ အရက်သောက်နေသူများကို ရဲများက အရပ် ဝတ်ဖြင့် လိုက်လံဖမ်းဆီးခဲ့ရာ အယောက်၄၀ ဖမ်းဆီးခံခဲ့ရကြောင်း Rangoon Scout Network က ထုတ်ပြန်သည်။

စာတည်း-ကိုဆန်း