မြောက်ဦးဆေးရုံကို စစ်တပ် ဗုံးကြဲတိုက်ခိုက် သတ်ဖြတ်မှု အာဆီယံ ပြင်းထန်စွာ ရှုတ်ချ

ဓာတ်ပုံ- Wai Hun Aung
ပုံစာ- မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှု မြင်ကွင်း။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ပြည်သူ့ဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူများ သေဆုံး၊ဒဏ်ရာရမှုအပေါ် အာဆီယံဥက္ကဌ၊မလေးရှားနိုင်ငံက ပြင်းထန်စွာ ရှုတ်ချကြောင်း ထုတ်ပြန်လိုက်သည်။

ယင်းလေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး အရပ်သားပြည်သူ ၃၁ ဦး သေဆုံး၍ ၇၆ ဦး ဒဏ်ရာရရှိခဲ့သည့်အပေါ် အလွန်စိုးရိမ်ပူပန်ကြောင်းနှင့် ယင်းတိုက်ခိုက်မှုသည်
၁၉၄၉ ဂျီနီဗာကွန်ဗင်းရှင်းအပါအဝင် နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်ခြင်းဖြစ်ပြီး အရပ်သားပြည်သူများနှင့် ဆေးဘက်ဆိုင်ရာအဆောက်အအုံများကို ဦးတည် တိုက်ခိုက်ခြင်းသည် အာဆီယံပဋိဉာဏ်ပါ အခြေခံစည်းမျဥ်းများကိုလည်း လေးစားလိုက်နာမှုမရှိဘဲ လက်မခံနိုင်သည့် လုပ်ရပ်တစ်ခု ဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာ၁၄ရက်) ထုတ်ပြန်ချက်၌ ဖော်ပြထား သည်။

“စစ်တပ်က အစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်မှုတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့တာကို အာဆီယံက မမြင်ချင်ယောင်ဆောင်ခဲ့ပေမဲ့ ဒီတစ်ခါကတော့ နိုင်ငံတကာအသိုင်းအဝိုင်းကပါ အပြင်းအထန်ကန့် ကွက်နေတာကြောင့် မမြင်ချင်ယောင်ဆောင်လို့ မရတော့တာနဲ့ အာဆီယံက ပြင်းထန်စွာရှုတ်ချလိုက် တာလို့ နားလည်မိပါတယ်။နိုင်ငံတကာရဲ့ ကြေညာချက်ထုတ် ရှုတ်ချနေတာတွေကို စစ်တပ်က ဂရုမ စိုက်ပေမဲ့ ဘာပဲဖြစ်ဖြစ် မထုတ်ပြန်တာထက်စာရင် ထုတ်ပြန်တာ ကောင်းတယ်၊ကြိုဆိုတယ်လို့ပဲ ပြောရပါမယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

အာဆီယံအနေဖြင့် အရပ်သားပြည်သူများအားလုံးနှင့် အရပ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦများ ဘေးကင်းလုံခြုံရေးအတွက် အဆိုပါနေရာများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းအား အမြန်ဆုံး ရပ်တန့်ရန်နှင့် အရပ်ဘက်၊စစ်ဘက်ခွဲခြားခြင်းမရှိဘဲ တိုက်ခိုက်မှုများကို ချက်ချင်း ရပ်တန့်ရန်အ တွက် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးက ထိရောက်စွာလုပ်ဆောင်ပေးရန်လည်း တိုက်တွန်းလိုက်သည်။

ထို့အပြင် အာဆီယံခေါင်းဆောင်များက ၂၀၂၅ ခုနှစ်၊ မေလ ၂၆ ရက်တွင် ထုတ်ပြန်ခဲ့သည့် အပစ်အခတ်ရပ်စဲရေးကို မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ကျယ်ကျယ်ပြန့်ပြန့်တိုးချဲ့ ဆောင်ရွက်နိုင်ရေး နှင့်စပ်လျဉ်းသည့် ကြေညာချက်အား အပြည့်အဝ အကောင်အထည်ဖော်ရန် ထပ်မံ တိုက်တွန်းကြောင်း ဆိုသည်။

အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းရန် အာဆီယံ ဘုံသဘောတူညီချက် ၅ရပ်ကို ဆက်လက်ကိုင်စွဲပြီး မြန်မာပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သည့် အခြေအနေသို့ ရောက်ရှိစေနိုင်ရေးအတွက် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေး ဖြေရှင်းနည်းများကို အပြည့်အဝအကောင်အထည်ဖော်နိုင်ရန်နှင့် ယင်းသို့လုပ်ဆောင်ခြင်းအားဖြင့် ငြိမ်းချမ်းလုံခြုံတည်ငြိမ်သည့် အာဆီယံဒေသဖြစ်ပေါ်လာစေရန် ထပ်မံတိုက်တွန်းလိုက်သည်။

မြောက်ဦးဆေးရုံ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ဒဏ်ရာရသူများ အမြန်ဆုံးပြန်လည်သက်သာလာစေရန် ဆုမွန်ကောင်းတောင်းပေးပြီး အဆိုပါဖြစ်စဥ်အတွင်း သေဆုံးခဲ့သူများ၏ ကျန်ရစ်သူမိသားစုများနှင့် ထိခိုက်ခံစားရသူများအတွက် လေးလေးနက်နက် စာနာနားလည်ပြီး လွန်စွာ ဝမ်းနည်းကြေကွဲကြောင်းလည်း ထုတ်ပြန်ထားသည်။

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သည့် ဒီဇင်ဘာ ၁၀ ရက်၊ည၉နာရီကျော်တွင် မြောက်ဦး မြို့ပေါ် ၊ ထမ္မရာဇ်ရပ်ကွက်ရှိ မြောက်ဦးမြို့ပြည်သူ့ဆေးရုံကြီးကို စစ်တပ်က ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချခဲ့ရာ ၃ လသားအရွယ် မိန်းကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၃ ဦး သေဆုံး ပြီး ၇၇ဦး ဒဏ်ရာရခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။

စာတည်း-ML