တနင်္သာရီတိုင်း ၊ ပုလောမြို့ပေါ်တွင် အဓမ္မစစ်မှုထမ်း စုဆောင်းပေးနေသည့် အမှတ်တစ်ရပ်ကွက် အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။
ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ တစ်နာရီခန့်တွင် ပုလောမြို့ ၊ အမှတ် တစ် ရပ်ကွက် အုပ်ချုပ်ရေးမှူး မိုးနိုင်(၅၈နှစ်)ကို မြိတ်ခရိုင် အမှတ် တစ် တပ်ရင်း ရဲဘော်များက ၎င်း၏ နေအိမ်သို့ဝင်ရောက် စီးနင်းကာ ဖမ်းခေါ်လာစဉ် အမှတ်တစ်ရပ်ကွက် ရဲစခန်းရှိ စစ်သား ၁၀ ဦးခန့်က လိုက်လံပစ်ခတ်ခဲ့ရာ မွန်းလွဲ တစ်နာရီခွဲခန့်က ရှပ်ပုံကျေးရွာအနီး၌ ၅ မိနစ်ခန့်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မိုးနိုင် ထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်ခဲ့ရာ သေဆုံးသွားခဲ့ကြောင်း မြိတ်ခရိုင် အမှတ်တစ်တပ်ရင်းက ဒီဇင်ဘာ ၁၅ ရက် ညတွင် သတင်းထုတ်ပြန်ထားသည်။
“သူက စစ်မှုထမ်းကြေးကောက်တာ၊ စစ်မှုထမ်း စုဆောင်းတာ အဓိက လုပ်တယ်။ စစ်မှုထမ်း ၁၀ ဦးကျော် စုဆောင်းပေးခဲ့တယ်လို့လည်း သိရတယ်။ သူတာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ စုဆောင်းခဲ့တာပါဗျ။ ကာလကိုတော့ ကျနော် မသိပါဘူးဗျ။ သူ့အလောင်းကိုတော့ ရဲစခန်းက စခတွေကပဲ ပြန်သယ်သွားပါတယ်”ဟု မြိတ်ခရိုင် အမှတ် တစ် တပ်ရင်းမှ ပြန်ကြားရေး တာဝန်ခံက MPA သို့ပြောသည်။
ယင်းတိုက်ပွဲတွင် စစ်သားများ ထိခိုက်၊သေဆုံးမှုရှိ၊မရှိ မသိသလို PDFရဲဘော်များလည်း ထိခိုက်မှု မရှိ ကြောင်း သိရသည်။
“အမှတ် တစ် ရပ်ကွက်မှာ ရဲစခန်းရှိပါတယ်။ ပုလောတံတားကနေ ဟိုဘက်ရောက်ရင် ရှပ်ပုံဘက် သွားတဲ့ လမ်းခွဲနဲ့ တောင်ယာလမ်းရွာဘက် သွားတဲ့ လမ်းရှိတယ်။ တံတားထိပ်မှာက ရဲစခန်းပါပဲဗျ။ ရဲစခန်းက အဖွဲ့တွေပဲဗျ၊ ခြေလျင်လိုက်ပစ်တာ။ တိုက်ပွဲက ရှပ်ပုံနားလေးမှာ ဖြစ်တာပါ။ အမှတ် တစ် ရပ်ကွက်ရဲ့ ကမ်းတစ်ဖက်မှာ ရှပ်ပုံကျေးရွာရှိပါတယ်”ဟု ၎င်းကဆက်လက်ပြောသည်။
မိုးနိုင်၏ မိသားစုဝင်များသည်လည်း ရပ်ရွာအတွင်း မူးယစ်ဆေးဝါးရောင်းဝယ်ဖြန့်ဖြူးရာ၌ ပါဝင်ပတ် သက်နေကြောင်း တိုင်ကြားစာရရှိထားသည်ဟု မြိတ်ခရိုင် အမှတ် တစ် တပ်ရင်းက ထုတ်ပြန်ထားသည်။
