၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်တွင် တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည့် ရေးမြို့နယ်အတွင်း လုံခြုံရေး စိတ်ချရမှုကို ပြသရန် စစ်တပ်က စစ်ကြောင်းထိုးပြနေကြောင်း ရာမညအင်စတီကျုနိုင်ငံရေးသုတေ သနဌာန RICE က ဆိုသည်။
ဒီဇင်ဘညာ၁၅ရက်တွင် “ရွေးကောက်ပွဲနှင့်အပြိုင် လုံခြုံရေးစိုးရိမ်ရမည့် ရေး” ခေါင်းစဉ်ဖြင့် RICE ထုတ်ပြန်လိုက်သည့် သုံးသပ်ချက်၌ အထက်ပါအတိုင်းဖော်ပြထားပြီး နိုဝင်ဘာ ၁၄ရက်မှ ဒီဇင်ဘာ ၁၂ရက် အတွင်း ရေးမြို့နယ်တစ်ခုတည်း၌ တိုက်ပွဲ ၇ ကြိမ် ဖြစ်ပွားခဲ့ ကြောင်းလည်း ဆိုသည်။
စစ်တပ်သည် ရေးမြို့နယ်ရှိ ဘရောင်း-ဘဲလမု-သူတော်ရွာ၊ ကနင်ကမော့-အောင်သာယာ-လိမ္မော်ခြံ၊ အာယုတောင်-ရွာသစ်-ရွာကလေး-ဝယ်ရဟိုင်း-လိပ္ပုတ် နှင့် အာယုတောင်-စာကလယ်-တောင်ဘုံ-ပိုင်ဝမ်း တို့သို့ လှည့်လည်စစ်ကြောင်းထိုးနေကြောင်း သိရသည်။
“အခု ကျနော်တို့မွန်ပြည်နယ်ထဲက ကေအဲန်ယူတပ်မဟာတစ် သထုံခရိုင်မှာ ငြိမ်ချက်သားကောင်း နေပေမဲ့ ရေးမှာတော့ တိုက်ပွဲတွေ ဆက်ဖြစ်နေတာ တွေ့ရတယ်။ပြီးတော့ ရေး၊ကျိုက်မရောနဲ့ သံဖြူ ဇရပ်က ရွေးကောက်ပွဲမလုပ်မယ့် ကျေးရွာအုပ်စုတွေက မွန်ညီညွတ်ရေးပါတီက မဲရမယ့်နေရာတွေ ဖြစ်နေတာလည်း တွေ့ရတယ်”ဟု ပါတီများနှင့် နီးစပ်သည့် မော်လမြိုင်မြို့ခံတစ်ဦးက MPAသို့ ပြော သည်။
ရေးမြို့နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟုဆိုသော ကျောင်းရွာ၊ အာယုတောင်နှင့် တူးမြောင်း တို့သို့ အပူတပြင်းစစ်ကြောင်းထိုးနေပြီး ယင်းကျေးရွာအုပ်စုများမှာ ရေးဘီလူးတပ်ရင်းက စစ်ကစား နေသည့်ဒေသများဖြစ်သည်။
စစ်အုပ်စု၏ ခြေလျင်၊ ခြေမြန်တပ်ရင်းနှင့် အမြောက်တပ်များ အခြေစိုက်ရာ ကျေးရွာအုပ်စု များဖြစ်သော ကလော့၊ ကုလားကုတ်၊ ကိုးမိုင်၊ ကျောင်းရွာ၊ တူးမြောင်းနှင့် အာယုတောင်တို့တွင် ရွေးကောက်ပွဲ ပြုလုပ်မည်ဟုဆိုသော်လည်း ယင်းနေရာများသည် လုံခြုံရေး လုံးဝ အားကောင်းသည့် နေရာများ မဟုတ်ကြောင်း RICE က ထုတ်ပြန်သည်။
ရေးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၂၃ခု၌ ရွေးကောက်ပွဲပြုလုပ်မည်မဟုတ်ဟု စစ်ကော်မရှင်လက်အောက်ခံ ရွေးကော်က ထုတ်ပြန်ထားသည်။
ရေးမြို့နယ်သည် ပဋိပက္ခဒေသတစ်ခုအဖြစ် ကျရောက်နေပြီး ရေးမြို့နယ်အတွင်းရှိ ပြည်သူများအနေနှင့် နှစ်ဖက်အင်အားစုများ၏ အားပြိုင်မှုအတွင်း စစ်ရေးအသိ၊ စစ်ရေးသတိ ရှိကြရန် RICE က တိုက်တွန်းထားသည်။
