ရန်ကုန်လမ်းများပေါ် တစ်လအတွင်း ပြည်သူ ၆၀ကျော် ဖမ်းဆီးခံရ

ဓာတ်ပုံ-AFP ပုံစာ- ရန်ကုန်မြို့ပေါ်ရှိ စစ်သားများ (ပုံဟောင်း)

By Ko Myo/MPA

ရန်ကုန်မြို့လမ်းများပေါ်ရှိနေစဉ် စစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ တစ်လအတွင်း အယောက်၆၀ကျော်ရှိကြောင်း Rangoon Scout Network-RSN က သတင်းထုတ်ပြန်သည်။

ဩဂုတ်လတွင် ရန်ကုန်တိုင်းအတွင်း စစ်တပ်၏ မတရားဖမ်းဆီးခြင်းခံရသူ ၁၆၇ဦးရှိသည့်အနက် လမ်းမပေါ်သွားလာနေစဉ် အဖမ်းခံရသူ ၅၉ ဦးနှင့် လမ်းဘေးထိုင်နေစဉ် အဖမ်းခံရသူ ၃ ဦးရှိကြောင်း RSN က ဆိုသည်။

“အခုနောက်ပိုင်း ရန်ကုန်မြို့က လမ်းတွေပေါ် လိုက်ဖမ်းတာကို ပျူလူမိုက်တွေက အဓိက လုပ်နေ တယ်။စစ်မှုထမ်းအတွက် လူတစ်ယောက်ရရင် အနည်းဆုံးမရဘူးဆို ၁၀သိန်း၊၁၅သိန်းရနေလို့ လုပ် ကြတယ်။အိမ်စီးကားတစ်စီးနဲ့ ပျူ၃၊၄ကောင်လောက်က အလုပ်တစ်ခုလို လူလိုက်ဖမ်းနေတာ”ဟု ရန်ကုန်မြို့ရဲသတင်းရင်းမြစ်က MPAသို့ပြောသည်။

ဖမ်းဆီးခံရသူ ၁၆၇ ဦးအနက် ၂၅ ဦးကို စစ်တပ်က ပြန်လွှတ်ပေးခဲ့ပြီး ၃၃ ဦးကို စစ်သင်တန်းကျောင်း များနှင့် အကျဉ်းထောင်များသို့ ပို့ဆောင်ခဲ့ကာ ကျန် ၁၀၉ ဦး၏ ဖမ်းဆီးခံရပြီး နောက်ဆက်တွဲအ ခြေအနေကိုမူ မသိရှိရသေးကြောင်း RSN က ထုတ်ပြန်ထားသည်။

သတင်းအတိအကျဖြင့် ရှာဖွေ/စောင့်ဆိုင်း ဖမ်းဆီးခြင်းခံခဲ့ရသူ ၂၃ ဦး၊ဧည့်စာရင်းစစ်စဉ် ဖမ်းဆီးခံရ သူ ၃၀နှင့် တော်လှန်ရေးလှုပ်ရှားသည်ဟူသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခံရသူ ၁၁ ဦးရှိကြောင်းလည်း သိရသည်။

ထူးခြားချက်အနေနှင့် ဖမ်းဆီးခံရသူများထဲတွင် အသက်မပြည့်သေးသူ ဆယ်ကျော်သက် ၃ ဦးနှင့် စိတ်ကျန်းမာရေးမကောင်းသူ တစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။

စစ်မှုထမ်း အမှတ်စဉ် ၁၆ သင်တန်းကို လှည်းကူးမြို့နယ်ရှိ ဖောင်ကြီး စခတ ၁(အမှတ်၁ စစ်အခြေခံ လေ့ကျင့်ရေးတပ်) နှင့် တိုက်ကြီးမြို့နယ်ရှိ ဂျိုးဖြူ တတက ၁(အမှတ်၁ တန်းမြင့်လေ့ကျင့်ရေးကျောင်း) တို့၌ ဩဂုတ်လ ၁၈ ရက်နေ့တွင် စတင်ခဲ့ပြီး သင်တန်းသား စုစုပေါင်း ၆၂၅ ဦးခန့် ပါဝင်နေသည်ကို ၎င်းတို့ ထုတ်ပြန်ထားသည့် ဓာတ်ပုံများအရ သိရကြောင်း RSN က ဆိုသည်။

စာတည်း-ML