ပြည်သူသတ်စစ်တပ်ကို ရှုတ်ချရုံတင်မက ထိရောက်သည့် အရေးယူမှုများ ချက်ချင်းလုပ်ရန် နိုင်ငံတကာအစိုးရများအား အဖွဲ့ပေါင်း၂၀၀ကျော် တောင်းဆို

အတုအယောင်ရွေးကောက်ပွဲပြုလုပ်မည့် စစ်အုပ်စုက မြောက်ဦးပြည်သူ့ဆေးရုံကို ဗုံးကြဲတိုက်ခိုက် ပြီး စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်နေခြင်းအပေါ် နိုင်ငံတကာအစိုးရများအနေနှင့် ထိရောက်သည့်အရေးယူမှုများ ချက်ချင်းလုပ်ဆောင်ရန် ပြည်တွင်း၊ပြည်ပ အဖွဲ့ပေါင်း ၂၀၀ကျော်က တောင်းဆိုလိုက်သည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ၁၀ရက်ညတွင် ရခိုင်ပြည်နယ်၊မြောက်ဦးပြည်သူ့ဆေးရုံး ဖျက်အားပြင်း ပေါင်၅၀၀ဗုံး၂လုံး ကြဲချတိုက်ခိုက်ခြင်းနှင့် ဒီဇင်ဘာ၁၁ရက်ညတွင် ကျောက်ဖြူမြို့နယ်၊ င/လုံးစုကျေးရွာကို ဗုံးကြဲမှုဆက်လက်ပြုလုပ်ခဲ့သော စစ်အုပ်စုကို စစ်ရာဇဝတ်မှုများရပ်တန့်ပြီး ၎င်းတို့ကျူးလွန်ခဲ့သည့် ရက်စက်ကြမ်းကြုတ်သော ရာဇဝတ်မှုများအပေါ် အပြစ်ပေးအရေးယူမှု၊ သေချာစေသော တာဝန်ယူမှု တာဝန်ခံမှုများရှိလာရန် အာဆီယံ ၊ ကုလသမဂ္ဂ ၊ ဥရောပသမဂ္ဂ နှင့် နိုင်ငံတကာ အစိုးရများ အနေဖြင့် ရှုတ်ချကန့်ကွက် ကြောင်း စာထုတ်ပြန်ခြင်းသာမပြုလုပ်ဘဲ ထိရောက်သော အပြစ်ပေးဒဏ်ခတ်အရေးယူမှုများ ပြုလုပ်ရန် ပြည်တွင်း၊ပြည်ပ အဖွဲ့ပေါင်း၂၀၉ဖွဲ့တို့က ယနေ့(ဒီဇင်ဘာ၁၉ရက်)တွင် ပူးတွဲကြေညာချက်ထုတ်ပြန်ကာ တောင်းဆိုလိုက်သည်။

“စစ်ရာဇဝတ်မှုကျူးလွန်တာ စစ်တပ်အတွက် ပြုမြဲအမှု ထမင်းစားရေသောက် ဖြစ်နေတာကြာပါပြီ။ အရင့်အရင်တွေကလည်း အခုလို ပြည်သူကို ပစ်မှတ်ထားတဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တာပါပဲ။သတ်ပြီးတိုင်းလည်း နိုင်ငံတကာကို စာထုတ်ကန့်ကွက်ခဲ့တာပဲ။ထိရောက်တဲ့ အရေးယူမှုမရှိတော့ စစ်တပ်က ဆက်သတ်နေတာပဲ။ဘာပဲဖြစ်ဖြစ် တော်လှန်ရေးအင်အားစုတွေ ဘက်ကလည်း တောင်းဆိုစရာရှိတာ တောင်းဆိုရမှာပါပဲ”ဟု မုံရွာအခြေစိုက် နိုင်ငံရေးတက်ကြွလှုပ် ရှား သူတစ်ဦးက MPAသို့ပြောသည်။

ယင်းပူးတွဲထုတ်ပြန်ချက်တွင် နိုင်ငံတကာ မှ လေယာဉ်ဆီများ မြန်မာပြည်တွင်းသို့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ တင်ပို့၊ ရောင်းချ၊ လွဲပြောင်း (သို့) ဖြန့်ဖြူးနေမှုများကို ချက်ချင်း ပိတ်ဆို့ ဖြတ်တောက်ရန်နှင့် လေယာဉ်ဆီ ထောက်ပံ့ရေး ကွင်းဆက်တွင်ပါဝင်နေသည့် အာဆီယံအပါအဝင် နိုင်ငံတကာကုမ္ပဏီများ၊ ကော်ပိုရိတ်များ အားလုံးကို ထိရောက်စွာ ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်
နိုင်ငံတကာအစိုးရများ၊ အထူးသဖြင့် ယူကေအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့လေယာဉ်ဆီ သယ်ယူပို့ ဆောင်ရေးတွင်ပါဝင်နေသည့် ဆီတင်သင်္ဘောများနှင့် အခြေခံအဆောက်အဉီများ (ဆိပ်ကမ်းများ၊ ဆီသိုလှောင်ကန်များနှင့် ပိုက်လိုင်းများ)အတွက် ရေကြောင်းအာမခံဝန်ဆောင်မှုပေးနေခြင်းများကို ပိတ်ဆို့ တားဆီးရန်။စစ်အုပ်စု လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများ အဆက်မပြတ် ကျူးလွန်တိုက် ခိုက်နိုင်နေခြင်းသည် အာဏာရှင် မိတ်ဖက် ရုရှား၊ တရုတ်၊ ဘယ်လာရုစ် စသည့် နိုင်ငံများမှ လေယာဉ်နှင့် ဗုံးကြဲ တပ်ဆင်သည့် လက်နက် ကိရိယာများ ဝယ်ယူနိုင်ခြင်းကြောင့်ဖြစ်ပြီး ထိုသို့ ဝယ်ယူနိုင်ရန် ထိုင်းနိုင်ငံပိုင် PTTEP ကုမ္ပဏီက လစဉ် ဓာတ်ငွေ့ ဝင်ငွေများ တရားမဝင် စစ်အုပ်စုထံ ဒေါ်လာ သန်းနှင့်ချီ ငွေပေးချေနေမှုကြောင့်ဖြစ်၍ ယင်းငွေပေးချေနေမှုကို ချက်ချင်း ရပ်တန့်ရန်နှင့် ပြည်သူ့ ဘဏ္ဍာ ရေနံ ဓါတ်ငွေ့ အခွန်ငွေများကို စစ်အုပ်စု ထုတ်ယူသုံးစွဲခွင့်မရှိသည့် အက်စ်ခရိုး အကောင့်တွင် သိမ်းဆည်းရန် နှင့် အတုအယောင် ရွေးကောက်ပွဲကို အတင်းအဓမ္မ ပြုလုပ်ရန်ကြိုးစားနေပြီး ရက်စက်ကြမ်းကြုတ်သော နိုင်ငံတကာ ရာဇဝတ်မှုများ ကျူးလွန်နေသည့် စစ်အုပ်စုကို ပြစ်ဒဏ်ကင်းလွတ်ခွင့် ဆက်လက်မရစေရန် နှင့် အရပ်သားပစ်မှတ်များ အပေါ် ရည်ရွယ်ချက်ရှိရှိ စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာအစိုးရများ အားလုံးအနေဖြင့် တစုတစည်းတည်း ပြစ်ဒဏ်ပေး အရေးယူရန် တောင်းဆိုထားသည်။

ပူးတွဲကြေညာချက်ထုတ်ပြန်သည့် အဖွဲ့များမှာ ပြည်တွင်း၊အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့များဖြစ်ပြီး အဖွဲ့ပေါင်း၂၀၉ဖွဲ့အနက် ၂၄ဖွဲ့၏အမည်ကို လုံခြုံရေးဆိုင်ရာအခြေအနေ ကြောင့် အမည်မဖော်ပြခြင်းဖြစ်ကြောင်း သိရသည်။

မြောက်ဦးပြည်သူ့ဆေးရုံကို စစ်တပ် ကြဲချသည့်ဗုံးသည် ဆေးရုံတည့်တည့်သို့ တစ်လုံးနှင့် ဆေးရုံအရှေ့သို့ တစ်လုံး ကျရောက်ခဲ့ပြီး ကျန်းမာရေး ဝန်ထမ်းများ၊ မွေးကင်းစ ၃ လသား အရွယ် ကလေးငယ်အပါအဝင် ဆေးကုသမှုခံယူနေသော အရပ်သား ၃၃ ဦးထက်မနည်း အသက်ဆုံးရှုံးခဲ့ရကာ ၇၇ ဦးဒဏ်ရာ ရရှိခဲ့သည်။

စာတည်း-ML