တရားမဝင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ပြည်သူကို ခြိမ်းခြောက် အစည်းအဝေးခေါ်ကာ စည်းရုံးနေသော ညောင်လေးပင်မြို့နယ်၊သံတံတားရွာအုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း 9 Stars UG တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာ ၁၉ရက်၊ ညနေ ၅ နာရီခွဲခန့်တွင် ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ သံတံတားရွာ အုပ်ချုပ်ရေးမှူး နိုင်ဝင်းကို ယင်းကျေးရွာလမ်းမပေါ်၌ ပစ်ခတ်ခဲ့ကြောင်း 9 Stars Underground Force, Bago Region က ယနေ့ ( ဒီဇင်ဘာ ၂၀ရက် )နေ့ခင်းပိုင်းက သတင်းထုတ်ပြန်ထားသည်။
” ၁၅ ရက်လောက် အချိန်ယူပြီး သွားစောင့်ကြည့်နေတာပါ။ သူ လယ်ထဲ ပဲဆေးဖြန်းရာကအပြန်မှာ ပစ်ခတ်ခဲ့တာပါ။ ကျည်၃ချက် ခေါင်းထိမှန်ပြီး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ ပစ်ခတ်တော့ ပြန်ခုခံဖို့ သူကြိုးစားခဲ့ဟန်ရှိတယ်။ အိတ်က ဇစ်ဖွင့်ထားတယ်။ ဆိုင်ကယ်မောင်းပြေးရင်း ဗုံးသီးနှိုက်နေတဲ့ပုံစံဗျ ” ဟု 9 Stars Underground Force, Bago Region အဖွဲ့ခေါင်းဆောင် ကိုမြွေပွေးက MPA ကို ပြောသည်။
သေဆုံးသွားသည့် အုပ်ချုပ်ရေးမှူးထံမှ လက်ပစ်ဗုံး ၂လုံးနှင့် ဖုန်းတစ်လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
“အလောင်း ကို မနေ့ညက ညောင်လေးပင်ကို စစ်တပ်ကသယ်သွားပြီး ညတွင်းချင်း သူ့အိမ်ကို ပြန်ပို့ခဲ့တယ်။ ပြီးတော့ ဒိုက်ဦးမြို့က ရဲ ၅ဦးလည်း အဲဒီရွာကို ညက ဆင်းတယ် ” ဟု ၎င်းကဆက်လက်ပြောသည်။
နိုင်ဝင်းသည် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ သံတံတားရွာ အုပ်ချူပ်ရေးမှူးဖြစ်လာကာ ပျူစောထီးများ မွေးထားပြီး စစ်မှုထမ်းရန် ပြည်သူများအား ဖမ်းဆီးခြင်း၊ ၎င်းနှင့် ပုဂ္ဂိုလ်ရေးအဆင်မပြေသူများကိုလည်း စစ်တပ်နှင့်ပေါင်းကာ ဒုက္ခပေးခြင်းတို့ ကျူးလွန်ခဲ့ကြောင်း သိရသည်။
ထို့အပြင် သံတံတားကျေးရွာနေ ပြည်သူများကို စစ်မှုထမ်းကြေး ၂သောင်း၊၎င်း၏လုံခြုံရေးအတွက်ဟုဆိုကာ တစ်သောင်း၊ တစ်လလျှင် ကျပ်သုံးသောင်း ပုံမှန်ကောက်ခံနေသည့်အပြင် လယ်ထွန်စက်ရှိသောအိမ်ကို ၅သောင်းနှင့် ရိတ်ခြွေစက်ရှိသောအိမ်ကို တစ်သိန်း ကောက်ခံခဲ့ကြောင်းလည်း သိရသည်။
၎င်း၏ သားနှင့် သမက်ဖြစ်သူသည်လည်း ပျူစောထီးများဖြစ်ကြကြောင်း သိရသည်။
သံတံတားရွာသည် ညောင်လေးပင်မြို့နှင့် ၁၆ မိုင်ခန့်ကွာဝေးပြီး အိမ်ခြေ ၈၅၀ ခန့်ရှိကြောင်း သိရသည်။
စာတည်း-ML
