မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်သည့် တော်လှန်ရေးတပ်ဖွဲ့များ အင်အားကောင်းရာ စစ်ကိုင်း၊ မကွေးကဲ့သို့ အညာဒေသအများစုတွင် ကျည်လိုအပ်မှုမြင့်တက်နေပြီး ဝယ်ယူရခက်နေကြောင်း တော်လှန်ရေးတပ်ဖွဲ့များထံမှ စုံစမ်းသိရှိရသည်။
၂၀၂၅ ခုနှစ်၊ နှစ်လယ်ပိုင်းမှစ၍ စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များကြား ထိတွေ့တိုက်ပွဲများ နေ့စဥ်နှင့်အမျှ ဖြစ်ပွားနေသည့် အညာဒေသတွင် လက်နက်ခဲယမ်း ရှားပါးလာသည့်အပြင် စျေးနှုန်းများလည်း မြင့်တက်လာခြင်း ဖြစ်သည်။
လက်ရှိ အညာဒေသ၌ 5.56 ကျည်တစ်တောင့်လျှင် ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ်အထိ မြင့်တက်နေသော်လည်း လိုအပ်သည့်အချိန်၌ပင် လျှင်မြန်စွာ ဝယ်ယူ၍ မရကြောင်း သိရသည်။
“ကျည်က လိုအပ်ရင် လိုအပ်သလောက် မရဘူး။ စျေးကလည်း တစ်တောင့်ကို တစ်သောင်းကျော်ပေးဝယ်ရတယ်။ ဒီနှစ်ထဲမှာတော့ ကျည်စျေးက ၁၁၀၀၀ ဝန်းကျင်ကနေ စရှိတယ်” ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
တော်လှန်ရေးတပ်ဖွဲ့များအနေဖြင့် မောင်းပြန်ရိုင်ဖယ်၊ ကျည်လိုအပ်ချက်များပြားနေသော်လည်း လက်နက်နှင့် ကျည်ပွဲစားများ၏ စျေးကစားမှုများကိုလည်း တွေ့ကြုံနေကြရကြောင်း သိရသည်။
“ကျည်စျေးနှုန်းတွေ မြင့်လာတာကလည်း စီးပွားရေးကို အခြေခံတဲ့၊ ကျည်တွေ လှောင်ထားတဲ့ လက်နက်ပွဲစားတွေရဲ့ စျေးကစားမှုတွေကြောင့် ပါတယ်။ တိုက်ပွဲနီးရင် စျေးကစားမယ်ဆိုပြီး စျေးကွက်ကို ဖန်တီးကြတာပေါ့။ လက်နက်မှောင်ခိုသမားတွေရဲ့ စီးပွားရေးစျေးကွက်တစ်ခုပေါ့။ NUG က မလုပ်ဆောင်နိုင်တဲ့အခါကျတော့ အဲ့ဒီ့မှောင်ခိုစျေးကွက်တွေ ပေါ်လာတော့တာ။ မှောင်ခိုစျေးကွက်တွေက အခုမှတော့ မဟုတ်ပါဘူး၊ တော်လှန်ရေးဖြစ်လာတဲ့အချိန်မှာ ပိုပြီးတော့ တွင်ကျယ်လာတယ်ပြောရမယ်” ဟု ထောက်ပို့ အမျိုးသမီးတစ်ဦးက ဆိုသည်။
၂၀၂၅ ခုနှစ်၊ သြဂုတ် ၂၀ ရက်တွင် UWSA က တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP) တပ်ဖွဲ့များနှင့် ပန်ဆန်းမြို့၌ တွေ့ဆုံကာ မည်သည့်အဖွဲ့အစည်းကိုမှ စစ်ရေးအကူအညီပေးတော့မည်မဟုတ်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်သည် အညာဒေသရှိ Local တပ်ဖွဲ့များအပြင် NUG လက်အောက်ခံတပ်ရင်းများ၏ အကျပ်အတည်းကို ယခင်ကထက် ပိုမို၍ သိသာစွာ ခံစားလာရသည်ဟု တော်လှန်ရေးတပ်ဖွဲ့များနှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“အမှန်ဆို အဲ့ဒီ့ကိစ္စတွေမှာ တာဝန်ရှိတာက NUG မှာ အပြည့်အဝ တာဝန်ရှိတယ်။ လက်နက်တပ်ဆင်တာတွေက အစိုးရဖြစ်တဲ့ NUG ကနေ လုပ်ဆောင်ပေးရမှာ။ အစိုးရတစ်ရပ်လို့ ပြောတာနဲ့ ဒီလည်ပတ်နေတဲ့ ယန္တရားထဲမှာ စစ်ရေး၊ တပ်ပိုင်းဆိုင်ရာ၊ ကျန်းမာရေး၊ ပညာရေး အကုန်ပါသွားပြီ” ဟု ၄င်းက ဆိုသည်။
၂၀၂၁ ခုနှစ်တွင် စစ်ကော်မရှင်တပ်က အာဏာသိမ်းခဲ့ပြီးနောက် မြန်မာနိုင်ငံအတွင်း၌ ငွေကြေးဖောင်းပွမှုမှာ လေးဆခန့်မြင့်တက်လာခဲ့ပြီး တော်လှန်ရေးတပ်များ၏ လက်နက်ခဲယမ်းကုန်ကျစရိတ်များမှာလည်း အဆမတန်မြင့်တက်လာခဲ့သည်။
၂၀၂၅ ခုနှစ်၊ သြဂုတ်လမှစ၍ စစ်ကော်မရှင်တပ်က ဂန့်ဂေါ – ပုလဲ – မုံရွာ၊ မုံရွာ – ကလေးဝ၊ ဘုတလင် – မုံရွာ၊ မုံရွာ – အရာတော်၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ မုံရွာ – ရွှေဘို – ဒီပဲယင်း – ရေဦး – ခင်ဦး – ကန့်ဘလူလမ်းပိုင်းတို့ကို မြေပြင်စစ်ကြောင်းနှင့် လေကြောင်းများကို အသုံးပြုကာ လက်လွှတ်ခဲ့ရသည့် နယ်မြေများကို ပြန်လည်ရယူရန် ကြိုးပမ်းလျက်ရှိနေသည်။
