စစ်တပ်နှင့် လက်တွဲဆောင်ရွက်နိုင်သူများကို မဲပေးရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြည်မြို့တွင် ပြုလုပ်သည့် အရပ်ဘက်နှင့်စစ်ဘက် တွေ့ဆုံပွဲများ၌ စည်းရုံးပြောကြားခဲ့သည်။
ဒီဇင်ဘာ၂၁ရက်၊တောင်ပိုင်းတိုင်းစစဌာနချုပ်၊ပြည်တပ်နယ်အတွင်း စစ်သားများနှင့် တွေ့ဆုံပွဲနှင့် ပြည်ခရိုင်ဌာနဆိုင်ရာ၊ရပ်မိရပ်ဖ၊လုပ်ငန်းရှင်များနှင့် တွေ့ဆုံရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ ခြင်း ဖြစ်သည်။
“အဲဒါကတော့ ကြံ့ဖွံ့ကိုပဲ မဲပေးပါလို့ စည်းရုံးပေးတာပါပဲ။စစ်တပ်က အပွင့်အခက်တွေကိုလည်း ကြံ့ဖွံ့ထဲကို ပြောင်းထည့်ပြီးပြီ။နဂိုကတည်းကလည်း ကြံ့ဖွံ့ဆိုတာ စစ်အုပ်စုဝင်ပဲလေ။အခုတရားမ ဝင်ရွေးကောက်ပွဲပြီးရင် မင်းအောင်လှိုင်ကနေ မင်းအောင်လှိုင်ကိုပဲ အာဏာထပ်လွှဲဦးမှာပဲ”ဟု မုံရွာ အခြေစိုက် နိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ဆန္ဒမဲပေးခြင်း၊မပေးခြင်းသည် မဲဆန္ဒရှင်များ၏ ဆန္ဒဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောကြားခဲ့သ လို ပါတီစုံဒီမိုကရေစီစနစ်ကို ယုံကြည်ပါက မဲစာရင်းတွင် ပါဝင်သူများအားလုံး ဆန္ဒမဲပေးကြရန်လို ကြောင်းလည်း ပြည်မြို့တွင် အရပ်ဘက်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
“ဒီနေ့ထိတော့ မဲပေးဖို့ ဖိအားပေးတာမျိုး၊မဲမပေးရင် ဘာလုပ်မယ်၊ညာလုပ်မယ်ဆိုပြီး ခြိမ်းခြောက် တာမျိုး မကြားမိသေးဘူး။ဒါပေမဲ့၊ဆက်စောင့်ကြည့်ရဦးမယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မဲပေးရာတွင် နိုင်ငံအကျိုးဆောင်ရွက်နိုင်သူ၊ ဒို့တာဝန်အရေးသုံးပါးကို လေးစားလိုက်နာသူ၊ ပြည်ထောင်စုစိတ်ဓာတ်ရှိသူ စသည့်ပုဂ္ဂိုလ်များအား မဲပေးရန်လည်း မင်းအောင်လှိုင်က ဆိုသည်။
ပြည်မြို့ အရပ်ဘက်နှင့် တွေ့ဆုံပွဲတွင် မင်းအောင်လှိုင်က စစ်တပ်ကို နိုင်ငံတည်ရှိနေသရွေ့ တည်ရှိနေမည့် အခိုင်မာဆုံး အဖွဲ့အစည်းဟုလည်း ညွှန်းဆိုသည်။
