စစ်ကိုင်းတိုင်းအတွင်း AA သွားလာသည့်နေရာများ ဗုံးကြဲတိုက်ခိုက်ခံနေရ

ဓာတ်ပုံ- AA Info Desk ပုံစာ - အာရက္ခတပ်တော်(AA) တပ်ဖွဲ့ဝင်အချို့အား တွေ့ရစဥ်

By Mon Lay/MPA

စစ်ကိုင်းတိုင်းအတွင်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ကော်မရှင်ကို တိုက်ခိုက်နေသည့် အာရက္ခတပ်တော်(AA) သွားလာသည့် နေရာများ ဗုံးကြဲတိုက်ခိုက်ခံနေရကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။

မကွေးနှင့် စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးတပ်ဖွဲ့များကို စစ်ရေးအကူအညီများပေးနေသည့် AA တပ်ဖွဲ့သည် ၂၀၂၄ခုနှစ် ၊ နှစ်ကုန်ပိုင်းမှ စတင်ကာ လက်ရှိအချိန်ထိ စစ်ကော်မရှင်၏ ဗုံးကြဲတိုက်ခိုက်ခံရမှု ဆယ်ကြိမ်ကျော်ထိရှိလာပြီဖြစ်ကြောင်း သိရသည်။

“AA ရဲ့ လမ်းကြောင်းတွေ အပစ်ခံရတာများပါတယ်။ အဓိကကတော့ သူတို့လမ်းကြောင်းကို သိနေတဲ့ ဒလန်ကြောင့်ပဲနေမယ်” ဟု စစ်ကိုင်းတိုင်းအတွင်း နေထိုင်သည့် အမျိုးသားတစ်ဦးက MPA သို့ ပြောသည်။

ထိုကဲ့သို့ အာရက္ခတပ်တော်(AA) သွားရာလမ်းကြောင်းများ၌ သတင်းပေးများ(သူလျှို၊ ဒလန်) ရှိနေ၍သာ စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများခံနေရခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက သုံးသပ်သည်။

“ဂျက်ဖိုက်တာနဲ့လာပြီး နေရာကို တည့်တည့် ကြဲချတာ၊ သတင်းပေးကတော့ သေချာပေါက်ရှိမှာ၊ ဗုံးကြဲတဲ့နေရာနဲ့ ကျမတို့ စစ်ရှောင်နေတဲ့နေရာအဝေးကြီးကိုလည်း မြေကြီးတွေပါ တုန်ခါသွားတာပဲ” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

အာရက္ခတပ်တော်(AA) ၏ လမ်းကြောင်းများ ဗုံးကြဲခံရမှုကြောင့် ၂၀၂၅ ခုနှစ် အတွင်း အရပ်သားနှင့် တော်လှန်ရေးရဲဘော် စုစုပေါင်း ဆယ်ယောက်ဝန်းကျင် သေဆုံးခဲ့ပြီး ထို့ထက်ပို၍ သေဆုံးမှုများရှိနိုင်ကြောင်း MPA ၏ စုံစမ်းထောက်လှမ်းမှုအရ သိရှိရသည်။

“မတ်လလောက်က ထင်တယ်။ ဒဏ်ရာတွေကအကုန်ပြန်ကောင်းပြီမလို့ အိမ်ပြန်ဖို့ရာအတွက် လမ်းကြုံတယ်ဆိုပြီး AA လမ်းကြောင်းနဲ့ပြန်လိုက်တာ၊ အဲ့ဒီ အပြန်လမ်းမှာဘဲ လေယာဉ်ကြဲခံရပြီး သေသွားတယ်။ နောက် ဖေဖော်ဝါရီလောက်ကလည်း လာကြဲတာ၊ လေးယောက်သေတယ်” ဟု အသက် ၃၅ နှစ်အရွယ် အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုကဲ့သို့ စစ်ကော်မရှင်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုများကို အာရက္ခတပ်တော်(AA) ဘက်က တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း၊ လက်ရှိမြေပြင်၌မူ စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်လက်လုပ်ဆောင်လျက်ရှိနေသည်။

လက်ရှိတွင် အာရက္ခတပ်တော်(AA) က ရခိုင်ပြည်နယ်ရှိ မြို့နယ် ၁၄ ခုကို သိမ်းပိုက်ထားပြီး ရခိုင် – ပဲခူးအစပ်၊ ရခိုင် – မကွေးအစပ်နှင့် ရခိုင် – ဧရာဝတီအစပ်ရှိ စစ်ကော်မရှင်တပ်စခန်းများကို ထိုးစစ်ဆင်လျက်ရှိနေသည်။

ကျောက်ဖြူအထူးစီးပွားရေးဇုန်အပါအဝင် တရုတ်ရေနံနှင့် ဓာတ်ငွေပိုက်လိုင်းများတည်ရှိနေသည့် ကျောက်ဖြူ၊ စစ်တွေနှင့် မာန်အောင်မြို့နယ်တို့ကို လက်လွှတ်မခံနိုင်သည့် စစ်ကော်မရှင်တပ်က အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် မြို့နယ်များကို လေကြောင်းအသုံးပြု၍ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်လျက်ရှိနေသည်။

(မှတ်ချက်- ဗုံးကြဲခံရသည့် နေရာအသေးစိတ်ကို MPA က ရရှိထားသော်လည်း စစ်ရေးခြေနေများကြောင့် ထည့်သွင်းမဖော်ပြခဲ့ခြင်းသည်)

စာတည်း-ကိုဆန်း

Categories: အခြား