နွေဦးတော်လှန်ရေးသည် အကဲဆတ်သည့် နိုင်ငံရေး မုန်တိုင်းကို ဖြတ်သန်းနေရဟု ယာယီသမ္မတပြောကြား

By MPA

နွေဦးတော်လှန်ရေးသည် အကဲဆတ်သည့် နိုင်ငံရေး မုန်တိုင်းကို ဖြတ်သန်းနေရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့တွင်ကျရောက်သည့် ပြည်သူ့ခုခံတော်လှန်စစ်ကြေညာခြင်း ၄ နှစ်ပြည့် မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့သည်။

“နွေဦးတော်လှန်ရေးက အကဲဆတ်တဲ့ နိုင်ငံရေး မုန်တိုင်းတွေကို ဖြတ်သန်းနေရပါတယ်။ ကျတော်တို့ နိုင်ငံရေး လောကဓံနဲ့ ကြုံတွေ့နေရပေမဲ့ ခုခံတော်လှန်စစ်မှာလည်း နိမ့်လိုက်၊ မြင့်လိုက်နဲ့ တရွေ့ခြင်း ရှေ့ကို တက်လှမ်းနေတာ၊ နိုင်ငံရေး အချိုးအကွေ့နဲ့ တော်လှန်ရေး လှိုင်းအနိမ့်အမြင့်တွေကို ဖြတ်သန်းရင်း ရှေ့နှစ်လှမ်းတိုး၊ နောက်တစ်လှမ်းဆုတ် အခြေအနေနဲ့ ရှေ့ဆက်နေရပါတယ်” ဟု ၎င်းကပြောသည်။

ထို့ပြင် အသက်ထွက် ပြိုဆင်းရန် တာဆူနေသည့် စစ်တပ်သည် ဒေသတွင်းနိုင်ငံများ၏ စစ်ရေး၊ နိုင်ငံရေး၊ ငွေကြးနှင့် လက်နက်အကူအညီများ ပြန်လည်ရရှိနေသည့်အတွက် ဝမ်းနည်းစရာ ဖြစ်ရပ်ကို ဖြတ်သန်းနေရေကြောင်း၊ ဒေသတွင်းနိုင်ငံများသည် နေ့စဉ် ဒုက္ခနှင့်ဖြတ်သန်းနေရသည့် ပြည်သူလူထု မျက်နှာကိုမကြည့်ဘဲ မိတ်ဟောင်းဆွေဟောင်း စစ်အာဏာရှင်၏ မျက်နှာကိုသာကြည့်နေခြင်းသည် လူထုခုခံတော်လှန်စစ်အတွက် စိတ်မကောင်းစရာ ကိစ္စဖြစ်သည်ဟုလည်း ယာယီသမ္မတကပြောသည်။

“ခုခံတော်လှန်စစ်မှာ အတိုးအဆုတ်၊ အတက်အကျ၊ အနိမ့်အမြင့်တွေ ဘယ်လောက်ရှိရှိ ပန်းတိုင်ကို တက်လှမ်းနေကြောင်း ပြည်သူလူထု တစ်ရပ်လုံးကို တင်ပြချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းအပြင် စစ်ကော်မရှင်သည် ဒေသတွင်းနိုင်ငံများ၏ စစ်ရေးအကူအညီကို ရယူရန် ကြိုးစားမှုသာမက ပြည်တွင်း၌ နိုင်ငံရေး အသက်ရှုပေါက် ချောင်လည်အောင်ကြိုးစားနေသည်ကို တွေ့ရကြောင်း ၊ ထို့ကြောင့် အတုအယောင်ရွေးကောက်ပွဲကျင်းပပြီး ပြည်သူလူထုကို လှည်စားရန် ကြိုးစားနေခြင်းသာဖြစ်သည်ဟုဆိုသည်။

စစ်အာဏာရှင်စနစ်၏ နှိပ်စက်ညှင်းပန်းမှုကို မခံမရပ်နိုင်ခြင်းကြောင့် လက်နက်ကိုင်တော်လှန်ခြင်းဖြစ်ပြီး မိမိကိုယ်ကို ကာကွယ်ရန်ကြိုးစားခြင်းပင်ဖြစ်ကြောင်း၊ လူထု၏ ခုခံတော်လှန်စစ်သည် အာဏာရှင် ယန္တရားတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့ကြောင်း ယာယီသမ္မတက ပြောကြားသည်။

လက်ရှိ ဆင်နွှဲနေသည့် ခုခံတော်လှန်စစ်သည် တောင်တန်းနှင့် ပြည်မ ပေါင်းစည်းပြီး စစ်အာဏာရှင် ယန္တရားကို စစ်ရေးလက်နက်၊ နိုင်ငံရေးလက်နက်ဖြင့် ခုခံတော်လှန်နေခြင်းဖြစ်ကြောင်း၊ တိုင်းရင်းသား ပြည်သူလူထုထုတစ်ရပ်လုံးနှင့်အတူ တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများသည် ညီညွတ်စွာပူးပေါင်းပြီး ခုခံတော်လှန်စစ်ကို ဆင်နွှဲခြင်းသာဖြစ်သည်ဟု ၎င်းက ဆိုသည်။

နွေဦးတော်လှန်ရေးအင်အားစုများသည် တိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့များနှင့် ပူးပေါင်းပြီး အာဏာရှင်စနစ် အမြတ်ပြတ် ချုပ်ငြိမ်းရေးအတွက် ရွတ်ရွတ်ချွံချွံတော်လှန်ရေးဆင်နွှဲခဲ့ခြင်းကြောင့် ခေတ်အဆက်ဆက် မြန်မာ စစ်အာဏာရှင်များ မကြုံတွေ့ဖူးသည့် စစ်ရေးရှုံးနိမ့်မှုကို ကြုံတွေ့နေရသည်ဟု ယာယီသမ္မတက ပြောကြားသည်။

ထို့ပြင် စစ်တပ်၏ အင်အားချိနဲ့မှုသည် အသက်ထွက် ပြိုပျက်လုနီးအခြေအနေထိ ရောက်ခဲ့သည်ကို တွေ့ရမှာဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။