နက်ဖြန်ခါ တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည့် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များသို့ စက် သေနတ်ကြီးများ ချိန်ထားသည့် စစ်ယာဉ်တန်းဖြင့်ပတ်ကာ ပြည်သူအား ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ၂၈ရက်တွင် မွန်ပြည်နယ်အတွင်းရှိ ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊မော်လမြိုင်နှင့် သထုံမြို့နယ်တို့၌ တရားမဝင်ရွေးကောက်ပွဲပြုလုပ်မည်ဖြစ်ပြီး တော်လှန်ရေးစိုးမိုးထိန်းချုပ်နယ်မြေ များရှိသည့် သထုံနှင့်ကျိုက်ထိုမြို့ပေါ်တို့တွင် စစ်ယာဉ်တန်းပတ်၍ ခြိမ်းခြောက်မှုမှာ ယခင်ရက်များ ကတည်းက ရှိခဲ့ကာ ယနေ့တွင်မူ မော်လမြိုင်၊ချောင်းဆုံနှင့် ကျိုက်မရော၌ပါ စစ်ယာဉ်တန်းဖြင့်ပတ် ကာ ခြိမ်းခြောက်ခဲ့ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးထံက သိရသည်။
“ရွေးကောက်ပွဲမလုပ်ခင် စစ်တပ်က စီမံချက်နဲ့ လိုက်ခြိမ်းခြောက်တာလို့ ထင်တယ်။မော်လမြိုင်နဲ့ ချောင်းဆုံဆိုရင် ကေအဲန်ယူလည်းမရှိဘူး။PDF လည်းမရှိဘူး။ဘာမှမရှိဘူး။အဲဒါကိုပဲ ဒီနေ့ လိုက် ခြိမ်းခြောက်တာ”ဟု ၎င်းက MPAသို့ပြောသည်။
ယနေ့နံနက် ၁၀နာရီခွဲခန့်တွင် မော်လမြိုင်မြို့ပေါ်မှ ဆင်းလာသော မီးတန်းကားအပါအဝင် စစ်ကား အစီး၂၀ တို့သည် ချောင်းဆုံမြို့အရှေ့ပိုင်းရပ်ကွက်သို့ ရောက်လာပြီး ကျွန်း(ချောင်းဆုံမြို့နယ်- ဘီလူး ကျွန်း)တစ်ပတ်ပတ်ခဲ့ရာ ဒေသခံများ အထိတ်တလန့်ဖြစ်သွားကြကြောင်း ချောင်းဆုံမြို့အနီး၊ ပလိုင်ဝမ်းရွာသားတစ်ဦးက ဆိုသည်။
“အရှေ့ပွိုင့် မီးတန်းကားက အသံပေးပြီးတော့ လမ်းပေါ်က ဆိုင်ကယ်တွေ၊ကားတွေကို လမ်းဘေးမှာ ရပ်ခိုင်းတယ်။သူ့နောက်မှာက စစ်ကားအသေး အစီး၂၀။ကားပေါ် စက်သေနတ်ကြီးတင်ပြီး ချိန်ထား သေးတယ်။ကားတစ်စီးမှာစစ်သား၄ယောက်ပါတယ်။သေနတ်တွေနဲ့။အကုန်လန့်ကုန်တယ်”ဟု ၎င်း က MPAသို့ပြောသည်။
အာဏာသိမ်းပြီးချိန်မှစ၍ မီးတန်းကားဖြင့် စက်သေနတ်ချိန်ကာ စစ်ယာဉ်တန်းပတ်ခြင်းမှာ ယခု ပထမအကြိမ်ဖြစ်၍ ချောင်းဆုံဒေသခံများ ထိတ်လန့်ကြခြင်းဖြစ်ကြောင်း သိရသည်။
သထုံမြို့ပေါ်တွင် ဒီဇင်ဘာ၂၅ရက်မှစတင်ကာ စစ်ကားများပတ်၍ ခြိမ်းခြောက်ခဲ့ပြီး ယနေ့လည်း စစ် ကားများ ပတ်နေကြောင်း သထုံမြို့၊ ဘင်လှိုင်ရပ်ကွက်သားတစ်ဦးက ပြောသည်။
စာတည်း-ML
