အတုအယောင်ရွေးကောက်ပွဲ ပြုလုပ်ရန် ၅နာရီခန့်အလိုတွင် မန္တလေးမြို့ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဝင် ၂ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့ ( ဒီဇင်ဘာ ၂၈ရက် ) ၊ နံနက် ၁နာရီခန့်တွင် မန္တလေးမြို့ နန်းတွင်းထဲရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ၁၀၇မမ ရှော့တိုက်ဒုံး ၅လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄လုံးအား အောင်မြင်စွာ ပစ်သွင်းနိုင်ခဲ့ကြောင်း Brave Warriors For Myanmar ( BWM ) ထံက သိရသည်။
” တစ်လုံးက Error ဖြစ်တာပါ။ ပြည်သူ ထိမှာစိုးလို့ မဲရုံရှိရာ ရပ်ကွက်တွေကို မပစ်ဘဲ လပခထဲကိုပဲ ပစ်တာပါ။၄ လုံးစလုံး လပခ ထဲ ကျရောက်ပေါက်ကွဲတာ နယ်မြေခံ သတင်းတွေကတစ်ဆင့် မနက် အစောကတည်းက ရပြီးပါပြီ။ စစ်အုပ်စုဝင်သေဆုံးမှုက တိုက်ခိုက်မှုအပြီး နန်းတွင်းထဲAmbulance အဝင်အထွက် အတော်များလို့ ၂ ဦး မကတာတော့ သေချာပါတယ်။ရွေးကောက်ပွဲနေ့မို့ အထပ်ထပ် ကာထားတဲ့ ကြားက ရအောင် ပစ်ရတာမို့ ခက်ခဲခဲ့ပါတယ် ” ဟု BWM မှ တာဝန်ရှိသူတစ်ဦးက MPA ကို ပြောသည်။
ယင်းတိုက်ခိုက်မှုအပြီးတွင် စစ်တပ်ကပြည်သူများနေထိုင်ရာ လူနေရပ်ကွက်များသို့ လက်နက်ကြီး များဖြင့် ဆက်တိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။
” စပစ်ပစ်ချင်းမှာ စစ်တပ်စွဲထားတဲ့ နေရာတွေ အကုန် မီးပိတ်သွားတယ်။ ပစ်ပြီးလောက်ပြီ ဆိုတဲ့အချိန် မှ မီးပြန်ဖွင့်ပြီး တရစပ်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသန်းပစ်ခတ်တယ်။ ခုမနက် ၁၁ နာရီ အထိကို တောက်လျှောက်ပစ်တုန်းပဲ။ Counter ပြန်တာက မတ္တရာဘက်ကရော၊ မင်းကွန်းတောင်ဘက်ကရော၊ မြသိန်းတန်စေတီဘက်ကရော ပြန်ထုတယ်။ ၆၀ မမ ၊ ၈၀ မမ ၊ ၁၂၀ မမ အစုံပဲ ” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်တပ်၏ ထွက်ပေါက်တစ်ခုဖြစ်သည့် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူများ ဆန့်ကျင်နေ သည့် ကြားမှ ဖော်ဆောင်နေသောကြောင့် ယင်းရွေးကောက်ပွဲအား ဆန့်ကျင်သည့်အနေဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း BWM က ဆိုသည်။
စစ်ကော်မရှင်ခန့် မန္တလေးတိုင်းဝန်ကြီးချုပ် မျိုးအောင်ကလည်း ယနေ့နံနက်ပိုင်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် လပခ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်ခံရသည်မှာ မှန်ကန်ကြောင်း အတည်ပြုထားသည်။
ယင်းတိုက်ခိုက်မှုကို BWM ၏ ဦးဆောင်မှုဖြင့် No More Dictatorship – NMD PDF ၊ Shadow ( အညာ )နှသ့် Infinity ပူးပေါင်းအဖွဲ့တို့ ပူးပေါင်း ဖော်ဆောင်ခဲ့ခြင်းဖြစ်သည်။
စစ်အုပ်စုဝင်များ သေဆုံးမှုကို MPA အနေဖြင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML
