ဗန်းမော်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးများ သေဆုံးကာ အထိနာနေ၊ ရဲမေများကိုပါ ရှေ့တန်းထုတ်၍ ခုခံနေရ

ကချင်ပြည်နယ်၏ အရေးပါသော ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ဗျူဟာမှူးနှင့် တပ်ရင်းမှူးများအပါအဝင် အရာရှိကြီးများ သေဆုံးကာ အလူးအလဲ အထိနာနေခြင်းကြောင့် နောက်တန်းရှိ ရဲမေများကိုပါ ရှေ့တန်းစစ်မျက်နှာပြင်များသို့ ထုတ်၍ တိုက်ပွဲဝင်ခိုင်းနေရကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ယခုနှစ် ဩဂုတ်လဆန်းမှစတင်ကာ ဗန်းမော်မြို့တွင် စစ်အင်အားဖြည့်တင်းပြီး ဆုံးရှုံးနယ်မြေများ ပြန်လည်ရရှိရန် စစ်ကော်မရှင်က ထိုးစစ်ဆင်ခဲ့သော်လည်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ဒီဇင်ဘာလ ၂၅ ရက်နေ့မှစတင်၍ စစ်မျက်နှာများစွာဖြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့သည်။

“စစ်တပ်ဘက်က အထိများနေတော့ နောက်တန်းမှာရှိတဲ့ စစ်သားမိသားစုဝင်တွေကိုပါ တိုက်ခိုင်းနေတာ၊ ကျတော်တို့ဘက်ကတော့ ထိုးစစ်ကို ပိုမိုလုပ်ဆောင်နေပါတယ်” ဟု ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဖော်နေသည့် ရဲဘော်တစ်ဦးက MPA သို့ပြောသည်။

တိုက်ပွဲပထမနေ့တွင် KIA ပူးပေါင်းတပ်၏ အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အမှတ် (၆၄၁) စစ်လက်နက်ပစ္စည်းတပ်ခွဲမှ တပ်ရင်းမှူးနှင့် ဒုရင်းမှူး နှစ်ဦးစလုံး သေဆုံးခဲ့သည်။ ထို့ပြင် တိုက်ပွဲဒုတိယနေ့၌ ခလရ (၄၇) တပ်ရင်းတွင် ကွပ်ကဲမှုလုပ်ဆောင်နေသည့် ဗျူဟာမှူးတစ်ဦးသည်လည်း အသေခံဒရုန်းဖြင့်ပင် ထပ်မံသေဆုံးသွားခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များက အတည်ပြုသည်။

မြေပြင်တိုက်ပွဲ အခြေအနေ လက်ရှိတွင် KIA ပူးပေါင်းတပ်များသည် ခလရ (၄၇) နှင့် စနခ (၆၄၁) တပ်စခန်းနေရာများအပါအဝင် စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းများကို အပြင်းအထန် ထိုးစ်ဆင်နေပြီး အသာစီးရရှိထားသည်။

စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “တိုက်ပွဲကတော့ တော်တော်ပြင်းထန်နေတယ်။ ၄၇ နဲ့ ၆၄၁ နေရာတွေကို အကုန်လုံး မသိမ်းနိုင်သေးပေမယ့် KIA ဘက်က အသာစီးရနေပြီ” ဟု ပြောကြားသည်။

စစ်ကောင်စီတပ်သည် ခလရ (၄၇) စိုးမိုးထားသည့် ကုန်းမဟတ်ကျရီချောင်းတံတားကို ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ဖောက်ခွဲဖျက်ဆီးကာ ဆုတ်ခွာသွားခဲ့သဖြင့် ဗန်းမော်မြို့တွင်းသို့ လမ်းများ ပြန်လည်ပွင့်သွားပြီဖြစ်ကြောင်း သိရသည်။

ဗန်းမော်မြို့သည် ကချင်ပြည်နယ်၏ လမ်းပန်းဆက်သွယ်ရေးနှင့် စစ်ရေးဗျူဟာအရ အချက်အချာကျသော မြို့ဖြစ်သဖြင့် တိုက်ပွဲကာလ ရက်ပိုင်းအတွင်းမှာတင် ဗျူဟာမှူး၊ တပ်ရင်းမှူးနှင့် ဒုရင်းမှူးများပါ သေဆုံးသွားခြင်းသည် စစ်ကောင်စီ၏ မြေပြင်ကွပ်ကဲမှုစနစ်ကို ကြီးမားစွာ ထိုးနှက်လိုက်ခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူတစ်ဦးက သုံးသပ်သည်။

“စစ်တပ်ဘက်က ထိပ်ပိုင်းခေါင်းဆောင်တွေ အထိနာကျဆုံးနေတော့ ရှေ့တန်းစစ်သားတွေ ဓိတ်ဓာတ်ပိုင်း ယိုင်နဲ့မှုက အနည်းနဲ့ အများကို ဖြစ်ပေါ်မှာ” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဗန်းမော်မြို့အတွင်း အမျိုးသားစစ်သား အင်အားမလုံလောက်သည့်အတွက် နောက်တန်းမှ ရဲမေများကို ရှေ့တန်းထုတ်လာရခြင်းသည် စစ်ကောင်မရှင်၏ အင်အားပြတ်လပ်မှုကို အထင်အရှားပြသနေခြင်းဖြစ်ပြီး ဗန်မော်မြို့ မကျစေရန် အသည်းအသန်ခုခံနေရခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

KIA က ဗန်းမော်မြို့ကို ပြန်လည် ထိုးစစ်ဆင်ရာ၌ အသေခံဓရုန်းများကိုပါ အသုံးပြုလာသည်ဖြစ်ရာ စစ်ကော်မရှင်အနေဖြင့် KIA ၏နည်းပညာမြင့် ထိုးစစ်ကြောင့် အထိနာနေရခြင်းဖြစ်ကြောင်း စစ်ရေးလေ့လာသူများက သုံးသပ်သည်။

ဗန်းမော်မြို့ကို KIA က အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပါက ကချင်ပြည်နယ်အတွင်း စစ်ကော်မရှင် ထိန်းချုပ်ထားသည့် အခြားမြို့များကို သိမ်းပိုက်ရန် ပိုမိုလွယ်ကူသွားမည်ဖြစ်သောကြောင့် စစ်ကော်မရှင်က မြောက်ပိုင်းစစ်မျက်နှာတွင် ကြီးမားသည့် စစ်ရေးရှုံးနိမ့်မှုမဖြစ်စေရန် အသဲအသန် ခုခံနေခြင်းလည်းဖြစ်သည်။

စာတည်း-ကိုဆန်း