တရားမဝင် အတုအယောင် ရွေးကောက်ပွဲ အလွန်ကာလတွင်လည်း တော်လှန်ရေးအင်အားစုများ အနေဖြင့် စစ်အာဏာသိမ်းမှုကို ဖယ်ရှားပြီး မြန်မာစစ်တပ်၏ နိုင်ငံရေး၌ ပါဝင်နေခြင်းကို အဆုံးသတ်ရန် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း NUCC နှင့် NUG တို့က ထုတ်ပြန်သည်။
ယနေ့(ဒီဇင်ဘာ ၂၈ ရက်)တွင် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီNUCC နှင့် အမျိုးသား ညီညွတ်ရေးအစိုးရ NUG တို့၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး ပူးပေါင်း လုပ်ငန်းကော်မတီက ထုတ်ပြန်သည့် “အကြမ်းဖက်စစ်ကော်မရှင်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် သဘောထားရပ်တည်ချက်”၌ အထက်ပါ ရည်မှန်းချက်အပါအဝင် ရည်မှန်းချက် ၆ ရပ်ကို ဖော်ပြထားသည်။
“ရွေးကောက်ပွဲပြီးလည်း ဆက်တိုက်သွားမယ်ဆိုတဲ့ လမ်းကြောင်းက ရှင်းပြီးသားပါပဲ။ဒါပေမဲ့၊ အခု ၅နှစ်နီးပါးကြာပြီဖြစ်တဲ့ တော်လှန်ရေးအတွေ့အကြုံတွေအပေါ် အကောင်းဆုံးသင်ခန်းစာယူပြီး တော်လှန်ရေးအင်အားစုတွေ ဘယ်လိုစုစည်းညီညွတ်စွာနဲ့ ဆက်တိုက်ကြမလဲဆိုတာက သိပ်အရေးကြီးပါတယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။
ကျန်ရည်မှန်းချက်၅ရပ်မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အပြီးတိုင်ဖျက်သိမ်းရန်နှင့် ပြန်လည် အသက်သွင်းရန် ကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်ရန် ၊ သက်ဆိုင်သူများအားလုံး လက်ခံနိုင်သော ဖက်ဒရယ်နှင့် ဒီမိုကရေစီကို အခြေခံသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြဠာန်းရန် ၊ လက်နက်ကိုင်တပ် ဖွဲ့များအားလုံး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက် ထားသည့် အရပ်သားအစိုးရ၏ စီမံအုပ် ချုပ်မှုအောက်၌ အပြည့်အဝထားရှိရန် ၊ ထွက်ပေါ်လာသော ဖက်ဒရယ်ဒီမိုကရေစီ ဖွဲ့စည်းပုံအခြေခံ ဥပ ဒေ နှင့်အညီ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုအသစ်အား တည်ဆောက်ရန်နှင့် ပဋိပက္ခ အတွင်း “လိင်နှင့် ကျားမအပေါ် အခြေခံသော အကြမ်းဖက်မှုများ အပါအဝင်” မတရား ကျူးလွန်ခံရ သူများအတွက် တရားမျှတမှုရရှိရေးနှင့် အသွင်ကူးပြောင်းရေးကာလ တရားမျှတမှုရရှိရေး လုပ်ငန်းစဉ်ကို ဖော်ဆောင်ရန်တို့ဖြစ်သည်။
ထို့အပြင် စစ်တပ်၏ တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူလူထုအနေဖြင့် ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန်နှင့် ဝိုင်းဝန်းဆန့်ကျင်ကြရန်လည်း မေတ္တာရပ်ခံထားသည်။
နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ်မပြုသည့် သဘောထားအား ရွေးကောက်ပွဲ အလွန်ကာလအထိ ခိုင်ခိုင်မြဲမြဲ ဆက်လက်ရပ်တည်ပေးကြပါရန်နှင့် အတုအယောင်ရွေးကောက်ပွဲက ပေါ်ထွက် လာမည့် ရလဒ်များကို အသိအမှတ်မပြုကြရန်လည်း တိုက်တွန်းထားသေးသည်။
၂၀၀၈ ဖွဲ့စည်းပုံအောက်တွင် ပြုလုပ်သော အတုအယောင် ရွေးကောက်ပွဲသည် မြန်မာ့နိုင်ငံရေးပြ ဿနာကို ဖြေရှင်းနိုင်မည့် ထွက်ပေါက်မဟုတ်သကဲ့သို့ တိုင်းရင်းသားပြည်သူလူထုမျှော်မှန်းထား သည့် ဖက်ဒရယ် ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်ကို လုံးဝရရှိနိုင်မည်မဟုတ်ကြောင်း ၊ ၂၀၀၈ ဖွဲ့စည်းပုံသည် စစ်အုပ်စု အာဏာသိမ်းပြီးကတည်းက ပျက်ပြယ်ပြီးဖြစ်ကြောင်းနှင့် NUG အစိုးရအနေဖြင့်တော်လှန်ရေး၏ ပင်မနိုင်ငံရေးလမ်းကြောင်းဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပဋိဉာဉ် အပိုင်း ၁ နှင့် ၂ ၊ နိုင်ငံရေးလမ်းပြမြေပုံအတိုင်း တော်လှန်ရေးကို ဆက်လက် ဆင်နွှဲသွားမည်ဖြစ် ကြောင်းလည်း ထုတ်ပြန်ထားသည်။
စာတည်း-ML
