ဂန့်ဂေါမြို့နယ်ရှိ ပျူရွာ၂ရွာကို တော်လှန်ရေးအဖွဲ့များသိမ်းပိုက်နိုင်ဟုဆို

ဓာတ်ပုံ-MPA
ပုံစာ-ဂန့်ဂေါမြို့နယ်အတွင်းရှိ တော်လှန်ရေးရဲဘော်များ (ပုံအဟောင်းအား အသုံးပြုထားသည်)

28 Dec 2025 By / MPA

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မြောက်ပိုင်းမှ ပျူစောထီးရွာ ၂ရွာကို ဒေသခံတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်ရရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းရှိ စစ်ကော်မရှင်လက်အောက်ခံ ပျူစောထီးကျေးရွာများကို တော်လှန်ရေးတပ်ပေါင်းစုများမှ ဒီဇင်ဘာ၂၇ရက်၊ နံနက်၅နာရီအချိန်ခန့်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ဝင်ဝရွာနှင့် အ​ရှေ့လယ်ကြီးကျေးရွာများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

” ဝင်ဝနဲ့လယ်ကြီးအရှေ့ရွာတွေကို ရပြီလို့သိရတယ်။ ကျန်တာတော့ အခြေအနေတွေမပြီးသေးလို့ ဖြေလို့မရသေးဘူးပြောတယ်ဗျ။ လယ်ကြီးအရှေ့တိုက်ပွဲက ခွေးတွေအသေများတယ်လို့သိရတယ်”ဟု စစ်ရေးနှင့်နီးစပ်သည့် သတင်းရင်းမြစ်က MPA သို့ပြောသည်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်မှ ဒီဇင်ဘာ၂၇ရက် နံနက်၉နာရီအချိန်ခန့်တွင် ဂျက်ဖိုက်တာ၂စင်းဖြင့် ဗုံးသီး (၄)လုံးနှင့် နေ့လယ် (၁)နာရီအချိန်ခန့်တွင် Y-12ဖြင့် ၁၂ကြိမ်၊ ဗုံးသီး (၆၀)ဝန်းကျင် ကြဲချ၍ ပစ်ကူပေးခဲ့ရကြောင်းသိရသည်။

ဂန့်ဂေါမြို့နယ်မြောက်ပိုင်းနှင့် ကလေးမြို့နယ်တောင်ပိုင်း ထိစပ်နယ်မြေတွင် ပျူစောထီးရွာ (၁၂)ရွာ တစ်စုတစ်စည်းတည်းတည်ရှိနေပြီး ကလေးမြို့နယ်မှ ပျူစောထီးရွာ(၅)ရွာနှင့် ဂန့်ဂေါမြို့နယ်မှ ပျူစောထီးရွာ (၇)ရွာရှိကြောင်းသိရသည်။

ယင်းအပြင် ယင်းကျေးရွာများမှာ မြစ်သာမြစ်အရှေ့ခြမ်းနှင့် အနောက်ခြမ်း တစ်ဖက်တစ်ချက်စီတွင်တည်ရှိနေပြီး ယခုတိုက်ခိုက်သိမ်းပိုက်ခဲ့သော ပျူစောထီးကျေးရွာ (၂)ရွာမှာ မြစ်သာမြစ်အရှေ့ဘက်ကမ်းမှ ကျေးရွာများဖြစ်ကြောင်း သိရသည်။

” မြစ်အရှေ့ဘက်မှာက အင်းကျွန်း၊ ကျောက်ဆည်၊ ကျောက်ပြုတ်၊ မန္တာ၊ ဝင်ဝ၊ လယ်ကြီးအရှေ့၊ လယ်ကြီးအနောက်ကျေးရွာတွေရှိတယ်။ အနောက်ဘက်မှာတော့ မြောက်ခင်ရန်း၊ ဟံသာဝတီစတဲ့ ပျူအင်အားတောင့်တဲ့ ရွာတွေရှိတယ်”ဟု ဂန့်ဂေါမြောက်ပိုင်းဒေသခံအမျိုးသားတစ်ဦးက ရှင်းပြသည်။

ပြီးခဲ့သည့် နိုဝင်ဘာ(၆)ရက်၊ နံနက်ပိုင်းတွင်လည်း ဟံသာဝတီပျူစောထီးကျေးရွာကို တော်လှန်ရေးတပ်ပေါင်းစုများမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူများပေးခဲ့ရကြောင်း ဒေသတွင်းတော်လှန်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

ယင်းနောက် ဂန့်ဂေါမြောက်ပိုင်းတွင် ပျူစောထီးအင်အားတောင့်တင်းသည့် မြောက်ခင်ရန်းနှင့် ဟံသာဝတီကျေးရွာများကို နိုဝင်ဘာ၂၀ရက်နေ့နှင့် ၂၄ရက်တို့တွင် စစ်ကော်မရှင်က Y-12 စစ်ထောက်ပို့လေယာဥ်ဖြင့် လက်နက်၊ ခဲယမ်းနှင့် ရိက္ခာများပေးပို့ခဲ့ကြောင်းသိရသည်။

စစ်ကော်မရှင်သည် ယနေ့ဒီဇင်ဘာ(၂၈)ရက်တွင် ၎င်းတို့စိုးမိုးထားသည့် မြို့ကြီးအချို့တွင် အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပြုလုပ်လျက်ရှိပြီး မြန်မာနိုင်ငံအနှံ့တွင်မူ အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်ရေး တိုက်ပွဲများ၊ မြို့သိမ်းတိုက်ပွဲများ၊ အသံတိတ်သပိတ်တိုက်ပွဲများကို တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများက ဖော်ဆောင်လျက်ရှိနေသည်။

စာတည်း-ကိုဆန်း