ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သည့် စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲတွင် မြန်မာနိုင်ငံ၏ အနုပညာရှင်များနှင့် ဆိုရှယ်မီဒီယာဆယ်လီများသည် ၎င်းတို့၏ မဲပေးပြီးကြောင်း သက်သေပြသည့် မင်စွန်းလက်ချောင်းဖြင့် ဓာတ်ပုံများကို ထုတ်ဖော်ပြသခြင်းမရှိဘဲ လုံးဝနှုတ်ဆိတ်နေကြကြောင်း တွေ့ရှိရသည်။
ယင်းအခြေအနေသည် လွန်ခဲ့သော ငါးနှစ် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲအခြေအနေနှင့် လုံးဝဆန့်ကျင်ဘက် ဖြစ်နေပြီး အနုပညာရှင်များမှာ ပြည်သူ့ဒေါသကို ကြောက်ရွံ့သဖြင့် ခိုးကြောင်ခိုးဝှက် နေထိုင်နေကြရခြင်းဖြစ်သည်ဟု သုံးသပ်မှုများရှိနေသည်။
လွန်ခဲ့သည့် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲတွင်မူ အနုပညာရှင်များသည် ယခုထက် ပိုမိုတက်ကြွစွာ ပါဝင်ခဲ့ကြသည်။
“မတူတော့ဘူးလေ။ သေနတ်ထောက်ခံထားရတဲ့ အနုပညာရှင်တွေရှိသလို၊ စစ်တပ်ဘက် အလိုတူအလိုပါ ရှိနေတဲ့ အနုပညာရှင်၊ ဆယ်လီတွေလည်းရှိတာပဲ။ ဒါပေမဲ့ ၂၀၂၀ တုန်းက ရွေးကောက်ပွဲလို အားလုံး ပျော်ပျော်ရွှင်ရွှင်၊ စိတ်ချလက်ချ မဲရုံကို အားမာန်အပြည့်နဲ့ ချီတက်ကြဖို့ဆိုတာ ဘယ်ဖြစ်နိုင်တော့မလဲ။ နောက်ပြီး နိုင်ငံသားကောင်းပီသကြောင်း ဘယ်လို စိတ်နဲ့ ကြွားနိုင်တော့မလဲ။ ဒါက တိုင်းပြည်ကို ဘယ်လိုမျိုး သက်ရောက်မှုတွေ ရှိနေလဲဆိုတာ မြင်သာပါတယ်”ဟု နိုင်ငံရေး လေ့လာသူတစ်ဦးက ပြောသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ထိပ်တန်းမင်းသား၊ မင်းသမီးများမှအစ အွန်လိုင်းဆယ်လီများအဆုံး ၎င်းတို့နှစ်သက်သည့် ပါတီအတွက် ဗြောင်ကျကျ မဲဆွယ်ပေးခဲ့ကြသလို၊ မဲပေးပြီးနောက်တွင်လည်း မင်စွန်းနေသည့် လက်ချောင်းများကို Challenge ပြုလုပ်ကာ လူမှုကွန်ရက်ပေါ်တွင် ဂုဏ်ယူဝင့်ကြွားစွာ တင်ခဲ့ကြသည်။
၂၀၂၀ ပြည့်နှစ်က မဲပေးခြင်းသည် အနုပညာရှင်များအတွက် ဂုဏ်ယူစရာ ပွဲတော် တစ်ခု ဖြစ်ခဲ့သော်လည်း ၂၀၂၅ ခုနှစ်တွင်မူ အရှက်တရားသဖွယ် ဖြစ်နေသည်မှာ ထင်ထင်ရှားရှားတွေ့မြင်နေရသည်ဟု ဝေဖန်မှုများ ရှိနေသည်။
လက်ရှိ ရွေးကောက်ပွဲတွင် အနုပညာရှင်များ နှုတ်ဆိတ်နေရခြင်းမှာ ပြည်သူများ၏ ပြင်းထန်သော လူမှုရေးပြစ်ဒဏ် (Social Punishment) ကို စိုးရိမ်ခြင်းကြောင့် ဖြစ်ကြောင်း စောင့်ကြည့်သူများက ဆိုသည်။
“မဲသွားပေးလိုက်ရပေမဲ့ စိတ်ထဲမှာ လေးလေးကြီးနဲ့ ထင့်နေတယ်။ တကယ့်ကို အတင်းအကျပ်လုပ်လို့သာ သွားပေးခဲ့ရတာ။ အသည်းကြားက မဲတစ်ပြားတော့ မဟုတ်ခဲ့ပါဘူး။ ရပ်ကွက်ထဲမျက်နှာသိတွေဖြစ်နေလို့ ကိုယ်သွားမပေးလဲ ဒလန်တွေက ရှိနေတော့။ သွားပေးလိုက်ရတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးက MPA သို့ ပြောသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ ကျင်းပချိန်က မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်ကို အပြင်းအထန် ခံစားနေရသော်လည်း ပြည်သူများ၏ မဲပေးလိုစိတ်မှာ ရောဂါဘေးကိုပင် ကျော်လွန်ခဲ့သည်ကို တွေ့ရသည်။
ထိုစဉ်က ထိပ်တန်းအနုပညာရှင်များ၊ အွန်လိုင်းဆယ်လီများနှင့် ပြည်သူအပေါင်းသည် နှာခေါင်းစည်း (Mask) များ၊ မျက်နှာကာ (Face Shield) များ အလွှာလွှာတပ်ဆင်ပြီး ကျန်းမာရေးစိုးရိမ်မှုများ ကြားကပင် မဲရုံများသို့ တခဲနက် တိုးဝှေ့သွားရောက်ကာ ၎င်းတို့၏ ဆန္ဒသဘောထားကို ဖော်ပြခဲ့ကြသည်။
ရောဂါကူးစက်နိုင်ခြေ မြင့်မားနေသော်လည်း ဂုဏ်ယူဝင့်ကြွားစွာ မဲပေးခဲ့ကြသည့် ထိုမြင်ကွင်းမှာ မြန်မာ့ရွေးကောက်ပွဲ သမိုင်းတွင် အမှတ်ရစရာ ပွဲတော်တစ်ခုအဖြစ် ရှိခဲ့သော်လည်း ယနေ့ကျင်းပသည့် ရွေးကောက်ပွဲတွင်မူ ထိုကဲ့သို့သော တက်ကြွမှုမျိုးမှာ လုံးဝဥဿုံ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်ဟု သုံးသပ်မှုများ ရှိနေသည်။
စာတည်း-ကိုဆန်း
