တရုတ်-ထိုင်း-ကမ္ဘောဒီးယား သုံးပွင့်ဆိုင်ဆွေးနွေးပွဲ (Trilateral Meeting) ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၌ ဒီဇင်ဘာလ ၂၈) ရက်နှင့် ၂၉ ရက်နေ့များတွင် ကျင်းပပြုလုပ်ခဲ့ပြီး နယ်စပ်ပဋိပက္ခကြောင့် နေရပ်စွန့်ခွာရသော အရပ်သားများကို ကူညီရန် တရုတ်နိုင်ငံက အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် ယွမ်သန်း ၂၀ (အမေရိကန်ဒေါ်လာ ၂ ဒသမ၈ သန်း) ကို ပေးအပ်ခဲ့သည်။
အဆိုပါ အစည်းအဝေးကို ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား ဖြစ်ပွားနေသည့် နယ်စပ်အငြင်းပွားမှုနှင့် တိုက်ပွဲများကို အပြီးသတ်ရပ်တန့်စေရန် နှင့် ရရှိထားသော အပစ်အခတ်ရပ်စဲရေးကို ပိုမိုခိုင်မာစေရန် ရည်ရွယ်၍ တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးရန် စီစဉ် ပြုလုပ်ခြင်းဖြစ်သည်။
အဆိုပါ သုံးပွင့်ဆိုင် အစည်းအဝေးသို့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး စီဟတ် ဖုန်ကစ်ကယ်နှင့် ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီး ပရက်ဆိုခွန်တို့ တက်ရောက်ခဲ့ကြသည်။
ယခုတွေ့ဆုံပွဲတွင် ထိုင်းနှင့် ကမ္ဘောဒီးယားတို့က ဒီဇင်ဘာ ၂၇ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည့် ၁၆ ချက်ပါ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရန်နှင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းစေရန် ကတိပြုခဲ့ကြသည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့အကြား အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မည့် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ (ASEAN observers) ကို ကူညီမည်ဟု ပြောကြားခဲ့သည်။
ယူနန်ပြည်နယ်၊ ယုကျီမြို့တွင် ပြုလုပ်သော ဆွေးနွေးပွဲအတွင်း ဝမ်ယိက ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကီး ပရက်ဆိုခွန်အား “အာဆီယံအနေနဲ့ ထိုက်သင့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်ဆောင်ရွက်တာကို တရုတ်နိုင်ငံက ထောက်ခံသလို၊ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်မည့် အာဆီယံလေ့လာစောင့်ကြည့်ရေးအဖွဲ့ကို ကူညီပံ့ပိုးပေးဖို့လည်း အသင့်ရှိနေပါတယ်” ဟု ပြောကြားခဲ့သည်။
အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) မှ လေ့လာစောင့်ကြည့်ရေးအဖွဲ့သည် အဆိုပါ အပစ်အခတ်ရပ်စဲရေးကို စောင့်ကြည့်သွားမည်ဖြစ်သည်။
သုံးပတ်ခန့် ကြာမြင့်ခဲ့သည့် အဆိုပါ တိုက်ပွဲများကြောင့် လူပေါင်း ၄၇ ဦး ထက်မနည်းသေဆုံးကာ တစ်သန်းကျော် နေရပ်စွန့်ခွာခဲ့ကြရသည်။
