ပဲခူးတိုင်း ၊ ဒိုက်ဦးထောင်တွင် နိုင်ငံရေးအကျဉ်းသူများ ခရစ္စမတ်အကြို ဆုတောင်းပွဲ ပြုလုပ်နေစဉ် ထောင်အာဏာပိုင်တို့က ရိုက်နှက် ဖြိုခွင်းခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ ၂၄ ရက်တွင် ဒိုက်ဦးထောင်၊ အမျိုးသမီးဆောင်အတွင်း ခရစ္စမတ်အကြို ဆုတောင်းနေကြ စဉ် ဒုထောင်ပိုင် ဟိန်းဇင်အောင် ၊ အမျိုးသမီး ၃ ပွင့် ဇင်မာကြည်အောင်နှင့် လက်ကိုင်တုတ်အကျဉ်းသားတစ်စုက ဝင်ရောက်ရိုက်နှက်ခဲ့ခြင်းကြောင့် နိုင်ငံရေးအကျဉ်းသူအချို့ ဒဏ်ရာရရှိခဲ့ပြီး အကျဉ်းသူ ၁၅ဦးအား တိုက်ပိတ်ကာ ထောင်ဝင်စာလည်း ပိတ်ပင်ခံထားရကြောင်း နိုင်ငံရေးအကျဉ်းသားများအရေး ကူညီပေးနေကြသည့် အဖွဲ့အစည်း ၄ ခုက ယနေ့(ဒီဇင်ဘာ၂၉ရက်) ထုတ်ပြန်ထားသည်။
“အမျိုးသမီးဆောင်က ခရစ်ယာန်ဘာသာဝင်လေးတွေပေါ့နော်။ ဒီနိုင်ငံရေးအကျဉ်းသူလေးတွေဟာ ၂၄ ရက်နေ့မှာ အကြိုဆုတောင်းပွဲလုပ်ကြတယ်။ ဆုတောင်းတဲ့အချိန်မှာ သူတို့ကိုယ်တိုင်က အကျဉ်း သူ ဖြစ် နေတဲ့အတွက် သူတို့ကိုယ်တိုင် လွတ်လပ်ချင်ကြတယ်။ ကိုယ်လိုမျိုး အကျဉ်းကျနေတဲ့သူ တွေ ဆိုလို့ရှိရင်လည်း လွတ်လပ်စေချင်ကြတယ်ပေါ့နော်။ ဒါကြောင့်မို့လို့ နိုင်ငံရေးအကျဉ်းသူတွေ လွတ်မြောက်ပါစေ ဆိုပြီးတော့ ဆုတောင်းကြတာမျိုး ရှိတယ်။ အဲဒီလွတ်မြောက်ပါစေဆိုတဲ့ ဆု တောင်းကို ထောင်အာဏာပိုင်တွေက မကြိုက်တာဖြစ်တယ်ပေါ့နော်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်PPNMမှ မရောင်နီလင်းက MPA သို့ပြောသည်။
ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် အရေးပေါ်ဆေးကုသနိုင်ရန် နိုင်ငံရေးအကျဉ်းသူ/သားများက ပြုလုပ်ထားသည့် သိန်း ၃၀ ဝန်းကျင် တန်ဖိုးရှိ ဆေးပဒေသာပင်ကို မလိုအပ်ဟုဆိုကာ သိမ်းယူသွားခဲ့ကြောင်းနှင့် ဆေးဝါးလုံလောက်စွာပေးရန် တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသူ/သားများ၏ နာမည်စာရင်းအား မှတ်ထားပြီး လေးဘက်ထောက်ခိုင်းကာ ရိုက်နှက်ခြင်း ၊ မိသားစုဝင်များ ပို့ပေးသော ထောင်ဝင်စာပါဆယ်မှ ဆေးဝါးများကို သိမ်းဆည်းခြင်း တို့ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။
“ဒိုက်ဦးထောင်မှာမှ မဟုတ်ဘူးပေါ့နော်။ ထောင်တွေတော်တော်များများမှာ ဆိုလို့ရှိရင် ထောင်ကကို က ဆေးဝါးစောင့်ရှောက်မှု မပေးနိုင်ကြဘူး။အပြည့်အဝ မပေးနိုင်ကြဘူး။ တာဝန်လည်း မယူနိုင်ကြ ဘူး။ ဒီဒိုက်ဦးထောင်မှာဆိုလို့ရှိရင်လည်း အဲ့လိုပဲ ကိုယ့်ထောင်မှာ တာဝန်ယူမှုလည်း မရှိတဲ့အပြင် နိုင်ငံရေးအကျဉ်းသား၊ အကျဉ်းသူတွေ မတည်ထားတဲ့ သိန်း ၃၀ လုံးကိုပေါ့နော်။ သိမ်းယူသွားတယ် ဆိုတာကလည်း ဘယ်နေ့ဆိုတာကတော့ ကျနော်တို့ မသိရသေးဘူး။ စုံစမ်းဆဲပဲဖြစ်တယ်။ ဒိုက်ဦး ထောင်က အခုချိန်မှာ ကျပ်နေသေးတယ်ဆိုတော့လေ။ တချို့ confirm လုပ်ဖို့အရာလေးတွေတော့ ကျန်ပါဦးမယ်။ ဒါပေမယ့် သိမ်းယူခံသွားတဲ့ဖြစ်စဉ်ကတော့ အမှန်တကယ်ပါပဲ”ဟု ၎င်းကဆက်လက် ပြောသည်။
အမျိုးသမီး ထောင်ဝန်ထမ်းများသာ ဝင်ရောက်ခွင့်ရှိသည့် အမျိုးသမီးအဆောင်သို့ ဒုထောင်ပိုင်သည် အခြားပြစ်ဒဏ်ကျအကျဉ်းသားများကိုပါ ခေါ်ဆောင်၍ ဝင်ထွက်နေသဖြင့် နိုင်ငံရေးအကျဉ်းသူများ၏ လုံခြုံရေးလည်း စိုးရိမ်ရကြောင်း ထုတ်ပြန်ထားသည်။
ထို့အပြင် ထောင်အာဏာပိုင်များ ကိုယ်တိုင် ထောင်တွင်း မူးယစ်ဆေးဝါးဖြန့်ဝေနေပြီး နိုင်ငံရေးအ ကျဉ်းသားများက သုံးစွဲသယောင် ပုံရိပ်ကျဆင်းစေရန် လုပ်ဆောင်နေခြင်းများရှိကြောင်း ၊ နိုင်ငံရေး အကျဉ်းသားများကို မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ တိုက်ပိတ်နှိပ်စက်မှုများကြောင့် ခြေထောက်နှစ်ချောင်း ပုပ်သွားသည့် ဖြစ်ရပ်နှင့် ကိုယ်လက်အင်္ဂါချို့ယွင်းပြီး သတိမေ့မြောသည်အထိ နှိပ်စက်ခံရမှုများရှိကြောင်း ထုတ်ပြန်ချက်၌ ပါရှိသည်။
ယင်း”ဒိုက်ဦးထောင်တွင်း အခြေအနေနှင့် ပတ်သတ်၍ အရေးပေါ် ထုတ်ပြန်ချက်”ကို မြန်မာနိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၊ နိုင်ငံရေးအကျဉ်းသူများအဖွဲ့(WOPP) ၊ ကရင်နီနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (KPPA) နှင့် မြန်မာ့အကျဉ်းထောင်သက်သေ (MPW) တို့ ပူးပေါင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။
စာတည်း-ML
