ပဲခူးတိုင်း ၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်တပ်၏ အရေးပါသော ခံစစ်နေရာဖြစ်သည့် အိုးမြေဒူးရွာကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ကာ ဆက်လက်ထိန်းချုပ်ထားကြောင်း သိရသည်။
အိုးမြေဒူးရွာမှ အင်အား ၆၀ ခန့်ရှိ စစ်တပ်အထိုင်စခန်းကို နေပြည်တော် PDF တပ်ရင်းများနှင့် သံတောင်မြောက်ပိုင်းအဖွဲ့က ဒီဇင်ဘာ ၃၀ ရက်၊ မွန်းလွဲ ၂ နာရီခွဲခန့်တွင် တိုက်ခိုက်ခဲ့ပြီး ညနေ၄ နာရီခန့်၌ စခန်းတစ်ခုလုံး သိမ်းပိုက်နိုင်ခဲ့ကာ အိုးမြေဒူးတစ်ရွာလုံးအား သိမ်းပိုက်နိုင်ခဲ့ကြောင်း ၊ စစ်တပ်က လက်နက်ကြီး ၊ လေကြောင်းနှင့် မြေပြင်စစ်ကြောင်း အသုံးပြု၍ အိုးမြေဒူး ခံစစ်စခန်းပြန်လည်ရရှိရေးအတွက် အပြင်းအထန်ကြိုးပမ်းနေကြောင်း နေပြည်တော် တိုင်းစစ်ဌာန ထံက သိရသည်။
“အိုးမြေဒူးက ကျနော်တို့ဆက်ပြီး ထိန်းချုပ်ထားတာရှိတယ်။ ဒါပေမဲ့ သူတို့ဘက်က လက်နက်ကြီး ပစ်ကူ ၊ လေကြောင်းပေါ့နော် တော်တော်လေး သုံးပြီး အိုးမြေဒူးကို တိုက်စစ်ဆင်လာတာ ရှိတယ် ပေါ့နော်။ အနောက်ကမ်းက ဆိုရင် တင့်ကားတွေကအစ သူတို့ပြင်ဆင်နေတာ ရှိတယ်ပေါ့နော်။ ၃၀ ရက်နေ့ကတည်းက သူတို့ စပြီးတော့ counter ပြန်ပြီးတော့ ပြန်တိုက်တာပေါ့နော်။ ကျသွားပြီးတာနဲ့ တစ်ခါတည်း အင်အားဖြည့်ပြီး ရယူချင်လို့ ကြိုးစားလာတာပေါ့နော်။ အခုချိန်ထိ သူတို့ ကြည်းရော လေရောပေါ့နော်။ ထိုးစစ်ဆင်နေတဲ့ အနေအထားရှိပါတယ်ဗျ”ဟု နေပြည်တော် တိုင်းစစ်ဌာနမှ တိုင်းကွပ်ကဲရေးမှူး ရဲဘော်လကျာ်က MPA သို့ပြောသည်။
အိုးမြေဒူးရွာအနီးတွင် ယနေ့ (ဇန်နဝါရီ တစ်ရက်)အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး စစ်တပ်က မြစ်အနောက်ဘက်ကမ်းမှ ဟောင်ဝှစ်ဇာ ၊ ၁၂၀ မမ ၊ မြစ်အရှေ့ဘက်ကမ်းမှ ၈၁ မမ ၊ ၆၀ မမ လက်နက်ကြီးများ ပစ်ခတ်နေကြောင်း သိရသည်။
“၃၀ ရက်နေ့မှာ လက်နက်ကြီးပစ်ကူရှိတယ်။ ၃၀ ရက်နေ့ ညပိုင်းထိကို ကျနော်တို့ သိမ်းပိုက်ထားတဲ့ အိုးမြေဒူးကို ဟောင်ဝှစ်ဇာလိုဟာမျိုး၊ ၁၂၀ လိုဟာမျိုးတွေနဲ့ ဆက်တိုက်ပစ်တယ်ပေါ့နော်။ ၃၁ ရက်နေ့မနက်မှာတော့ ကြည်းတပ်ပါ ပါလာတာပေါ့နော်။ မြေပြင်တပ်ပါ ထိုးစစ်ဆင်တဲ့ဟာမျိုးရှိနေ တယ်။ နောက်ပြီးတော့ ဆွာရွာမ ၊ ရွာသစ်ဘက်ကနေ ကျနော်တို့ စစ်ကြောင်းတွေနဲ့ တိုက်နေတာ ရှိတယ်ပေါ့။ ဒီနယ်မြေပြန်ရဖို့၊ ဒီရွာပြန်ရဖို့ တိုက်နေတာရှိပါတယ်ဗျ”ဟု ၎င်းကဆက်လက် ပြောသည်။
အိုးမြေဒူးရွာတွင် ကတုပ်ကျင်း ၁၀ ကျင်းကျော်ရှိပြီး ဘန်ကာ ၆ လုံးခန့်တည်ဆောက်ကာ စစ်တပ်က အထိုင်ချထားခဲ့ခြင်းဖြစ်သည်။
“အိုးမြေဒူးက စစ်ရှောင်မရှိဘူးဗျ။ သူတို့ သီးခြား တစ်ရွာလုံးကို စကမ တပ်ကပဲ တစ်ရွာလုံးက ပြည်သူလူထုကို မောင်းထုတ်ပြီး နေရာယူထားတာပေါ့နော်။အိုးမြေဒူးက အရေးပါတဲ့နေရာဗျ။ ခံစစ်သေသေချာချာ ချထားတဲ့နေရာ၊ ဘန်ကာတွေ ကတုပ်ကျင်းတွေ တော်တော်များတဲ့ နေရာ”ဟု ၎င်းကရှင်းပြသည်။
ဒီဇင်ဘာ ၃၀ ရက်က ဖြစ်ပွားခဲ့သည့် အိုးမြေဒူးရွာတိုက်ပွဲတွင် စစ်သား ၂၀ ဦးခန့် သေဆုံးခဲ့ကာ စစ်တောင်းမြစ်ကို ဖြတ်ကူး၍ အနောက်ဘက်ကမ်းသို့ စစ်သားများထွက်ပြေးကြကြောင်း ယင်းထွက်ပြေးစစ်သားများထဲမှ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပြီး လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့သေးကြောင်း သိရသည်။
ဒီဇင်ဘာ ၃၀ ရက်တွင်ပင် နေပြည်တော် PDF တပ်ရင်းများက အင်အား ၄၀ ခန့်ရှိ ဒိုးတန်းကျေးရွာရှိ စစ်တပ်စခန်း ၊ ဒိုးတန်းကျေးရွာသို့ အင်အား ၇၀ ခန့်ဖြင့် စစ်ကူလာသည့်စစ်ကြောင်းနှင့် ခင်တန်းလေးကျေးရွာတွင် လမ်းသွားလမ်းလာ ပြည်သူများကို စစ်ဆေးနေသည့် စစ်တပ်ဂိတ်တို့ကို တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာခဲ့သေးကြောင်း နေပြည်တော် PDF က ယနေ့(ဇန်နဝါရီ တစ်ရက်) နံနက်ပိုင်း၌ သတင်းထုတ်ပြန်ထားသည်။
ဆွာရွာမကြီး ၊ ရွာသစ်နှင့် အိုးမြေဒူးရွာရှိ စစ်တပ် စခန်း ၃ ခုသည် ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အဓိက ခံစစ်ပြင်ထားသည့် နေရာများဖြစ်သည်။
