ပြစ်ဒဏ်ကျ အကျဉ်းသား ၁၁၀ ကို လွတ်ငြိမ်းခွင့်ပြုကြောင်း NUGအစိုးရ ကြေညာ

ဓာတ်ပုံ - NUG

အမျိုးသားညီညွတ်ရေးအစိုးရက ပြစ်ဒဏ်ကျ အကျဉ်းသား ၁၁၀ကို စည်းကမ်းသတ်မှတ်ချက်မထား ဘဲ လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်း သိရသည်။

ထို့အပြင် အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသည့် ကျန်အကျဉ်းသား များကိုလည်း ၎င်းတို့ ကျခံနေရသည့် ထောင်ဒဏ်၏ သုံးပုံတစ်ပုံအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ၁ အရ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း NUGအစိုးရ၊ယာယီသမ္မတ ဒူဝါလရှီးလ က ယနေ့(ဇန်နဝါရီတစ်ရက်) ထုတ်ပြန်လိုက်သည်။

“ကျနော်တို့ တော်လှန်ရေးစိုးမိုး ထိန်းချုပ်နယ်မြေတွေမှာ အကျဉ်းထောင်တွေရှိတယ်။အခု ယာယီသ မ္မတရဲ့ လွတ်ငြိမ်းခွင့်မှာ ဘယ်သူတွေပါလဲဆိုတာ သေချာမသိရသေးပေမဲ့ လုံးဝ ခြွင်းချက်မရှိ လွတ် ငြိမ်းချမ်းသာရတဲ့သူတွေက ကျနော်တို့ စိုးမိုး ထိန်းချုပ်နယ်မြေတွေထဲက ရာဇဝတ်မှုကျူးလွန်ပြီး ထောင်ကျနေတဲ့ အရပ်သားတွေလို့ ယူဆမိပါတယ်”ဟု မြေပြင်တွင် တိုက်ပွဲဝင်နေသည့် ၂၀၂၀ရွေး ကောက်ခံ မန္တလေးတိုင်း NLDအမတ်တစ်ဦးက MPAသို့ပြောသည်။

ယနေ့ကျရောက်သော နှစ်သစ်အခါသမယနေ့၌ နွေဦးတော်လှန်ရေး၏ အကျိုးစီးပွားကို ရှေ့ရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့် လည်းကောင်း လွတ်ငြိမ်းခွင့်ပြုခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။