စစ်တပ်သတ်ဖြတ်မှုကြောင့် တစ်လအတွင်း အမျိုးသမီး၇၀ကျော် သေဆုံး

ဓာတ်ပုံ-ဩဂုတ်၂၉ရက်၊ မိုင်းလုံမြို့နယ်အတွင်း စစ်တပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီလရှင်တစ်ပါးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည့် ဖြစ်စဉ်မှ ထိခိုက်ပျက်စီးမှုပုံ။

By Ra Wai / MPA

စစ်တပ်၏ တိုက်ခိုက်မှုများကြောင့် တစ်လအတွင်း အမျိုးသမီး၇၀ကျော်သေဆုံးခဲ့ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂက ယနေ့(စက်တင်ဘာ၈ရက်)သတင်းထုတ်ပြန်သည်။

ဩဂုတ်၁ရက်မှ ၃၁ရက်အတွင်း စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၅၄ဦး၊ လက်နက်ကြီး ကြောင့် ၇ဦး၊ သတ်ဖြတ်ခံရသူ၈ဦး၊မီးရှို့သတ်ဖြတ်ခံရသူ၃ဦး၊ပဋိပက္ခနှင့် ဆက်နွှယ်သောလိင်ပိုင်းဆိုင် ရာ အကြမ်းဖက်ခံရပြီး သေဆုံးသူ၁ဦး စုစုပေါင်း ၇၃ဦး ရှိပြီး အမျိုးသမီး ၈၀ ဒဏ်ရာရခဲ့ကြောင်း သိရသည်။

“စစ်တပ်သတ်လို့ သေဆုံးမှုဖြစ်စဉ်တွေကို ကြည့်လိုက်ရင် လေကြောင်းတိုက်ခိုက်လို့ သေဆုံးတာအ များဆုံးဆိုတာ တွေ့ရတယ်။စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကို တော်လှန်ရေးဘက်က ဘယ်လိုမှ မတတ်နိုင်တာလည်း သေချာတယ်။ဆိုတော့ လေကြောင်းရန်ကာကွယ်ရေး၊ပြည်သူတွေ အထိအခိုက် အနည်းဆုံးဖြစ်ရေးကို အားသွန်ပြီး လုပ်ကြဖို့ လိုပါမယ်။ဒါကို NUGရော တိုင်းရင်းသားလက်နက်ကိုင် တွေရော အဖွဲ့အသီးသီးကမှ ဝိုင်းလုပ်မှရမယ်”ဟု မုံရွာအခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPA သို့ပြောသည်။

ဩဂုတ်လအတွင်း အသက်ဆုံးရှုံးခဲ့သည့် အမျိုးသမီးဦးရေသည် မန္တလေးတိုင်းအတွင်း ၂၇ဦးဖြင့် အများဆုံး ဖြစ်ပြီး မကွေးတိုင်းအတွင်း၁၄ဦးနှင့် ကရင်နီပြည်နယ်အတွင်း ၈ဦး ရှိကြောင်း သိရသည်။

ဒဏ်ရာရအမျိုးသမီး၈၀အနက် ၅၄ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်။

ဇူလိုင်လအတွင်း စစ်တပ်၏ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၆၄ဦး သေဆုံးပြီး အယောက်၈၀ ဒဏ်ရာ ရခဲ့ကာ လေကြောင်းတိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ကြောင်း မြန်မာ့အမျိုး သမီးသမဂ္ဂက ထုတ်ပြန်ထားသည်။

စာတည်း-ML